ယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် မလိုချင်တဲ့ သမိုင်းမှတ်တမ်းဆိုး ပိုင်ဆိုင်လာတဲ့ ချဲလ်ဆီးနှင့် ရိုဆင်နီယာ
=====================
ချဲလ်ဆီးဟာ စနေနေ့ညတုန်းက အိမ်ကွင်းတွင် ယူနိုက်တက်ကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အိပ်မက်ဆိုးသက်ဆိုးရှည်ခဲ့ရပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင် တစ်လုံးတည်းသော အနိုင်ဂိုးကို မားသီးယပ်စ်ကူညာက သွင်းယူခဲ့တာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘရာဇီးစတားဟာ ပွဲချိန် ၄၃ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်ရဲ့အနိမ့်ဖြတ်တင်ဘောကနေ ပိတ်သွင်းခဲ့တာပါ။
ချဲလ်ဆီးဟာ ဒုတိယပိုင်းမှာ ချေပဂိုးရရှိရေး ကြိုးပမ်းခဲ့ပေမယ့်လည်း တိုင်ကို ၂ ကြိမ်တိတိထိသွားလို့ နစ်နာခဲ့ရပါတယ်။
ချဲလ်ဆီးကစားသမားများဟာ ပွဲအပြီးမှာတော့ ပရိသတ်များရဲ့ ကျယ်လှောင်စွာ လှောင်ပြောင်မှုများ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ရာသီသိမ်းရန် ၅ ပွဲတည်းသာလိုတော့တဲ့အချိန်တွင် အဆင့် ၆ နေရာမှ ချဲလ်ဆီးအား ၁၀ မှတ်အထိ ဖြတ်ကာ အဆင့် ၃ နေရာမှာ ရပ်တည်လာပါတယ်။
ယူနိုက်တက်ဟာ ချဲလ်ဆီးအား ပရီးမီးယားလိဂ်တွင် ဒုတိယအကြိမ်မြောက် နှစ်ကျော့လုံး အနိုင်ရခဲ့တာပါ။ ပထမအကြိမ်အနိုင်ရခဲ့တာက ၂၀၁၉-၂၀ ရာသီတုန်းက ဖြစ်ပါတယ်။
တဖက်တွင် ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာဟာ ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ပရီးမီးယားလိဂ်ပွဲဆက်ရှုံးနိမ့်ရာမှာ ဂိုးမသွင်းတဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်လာပါတယ်။
ယူနိုက်တက်မတိုင်မီ ချဲလ်ဆီးဟာ နယူးကာဆယ်၊ အဲဗာတန်၊ မန်စီးတီးတို့အား ရှုံးနိမ့်တဲ့ပွဲတွေမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ချဲလ်ဆီးဟာ ယခင်တုန်းကလည်း ဂိုးမသွင်းနိုင်ဘဲ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးနိမ့်ဖူးပြီး ၁၉၉၈ ခုနှစ်တုန်းက ရုဒ်ဂူလစ်၊ ဂျီယန်လူကာဗီယာလီလက်အောက်မှာတုန်းက ဖြစ်ပါတယ်။
တဆက်တည်းတွင် ချဲလ်ဆီးဟာ ၃၁ နှစ်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အိမ်ကွင်း ၃ ပွဲဆက် အရှုံးနှင့် ကြုံခဲ့ရပါတယ်။
ချဲလ်ဆီးဟာ မတ်လမှ စတင်ပြီး ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ရှုံးပွဲအများဆုံးကြုံရတဲ့အသင်းအဖြစ် ၇ ပွဲဖြင့် ရပ်တည်နေပါသေးတယ်။
ချဲလ်ဆီးအတွက် နောက်ထပ် ထိုးနှက်ချက်ကတော့ ဘရာဇီးတောင်ပံကစားသမားအက်စ်တီဗာအိုမှာ ပွဲအစောပိုင်းတွင် ဒဏ်ရာရရှိပြီး လူစားလဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။