ပထမဆုံးလက်ဝှေ့ပွဲတွင် ပထမအချီမှာပင် အလဲထိုးခံလိုက်ရတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း
=====================
ရိန်းဂျား၊ အက်စတွန်ဗီလာနှင့် ဖူလ်ဟမ်စတားဟောင်းရို့စ်မက်ကော်မစ်ခ်ဟာ လက်ဝှေ့လောကသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးလက်ဝှေ့ပွဲရဲ့ ပထမအချီမှာပင် အရေးနိမ့်သွားခဲ့ပါတယ်။
အသက် ၃၉ နှစ်ရှိ မက်ကော်မစ်ခ်ဟာ ၂၀၂၄ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် အခြားဘောလုံးသမားဟောင်းများကဲ့သို့ပင် ကြိုးဝိုင်းအတွင်း လက်သီးအသုံးပြုရန် ကြိုးပမ်းကြသူများထဲမှ တစ်ဦး ဖြစ်ပါတယ်။
ဒါပေမယ့် Pro Project Promotions က ကျင်းပတဲ့ A Night To Remember II မှာတော့ မက်ကော်မက်မစ်ခ်ဟာ လိဒ်ကစားဖော်ဟောင်းမတ်ကဲလ်ဂယ်လွန်ကို ဒုတိယအချီသို့ မရောက်မီမှာပင် အရေးနိမ့်သွားခဲ့ပါတယ်။
ကဲလ်ဂယ်လွန်ဟာ မက်ကော်မစ်ခ်ရဲ့ ညာလက်သီးကို ရှောင်လွဲပြီးနောက် ပြင်းထန်အားပါလှတဲ့ ဘယ်လက်သီးချက်ဖြင့် အလဲထိုးခဲ့တာလည်း ဖြစ်ပါတယ်။
မက်ကော်မစ်ခ်ဟာ ကြိုးဝိုင်းထောင့်တွင် လဲကျသွားပြီးနောက် ဒိုင်လူကြီးရဲ့ အမှတ်စဉ် ရေတွက်မှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
လီဗာပူးတွင် ကျင်းပတဲ့ ယင်းပွဲတွင် လီးထရန်ဒလီကလည်း စကော့တလန်တိုက်စစ်မှူးဟောင်းခရစ်အိုင်ဝီလူမိုအား အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် ပရိသတ်များသိတဲ့ အခြားကစားသမားဟောင်းများအဖြစ် အဒမ်ဟမ်မီလီ၊ ဝုဗ်ဂိုးသမားဟောင်းကားလ်အိုင်ကီမီနှင့် အလယ်တန်းကစားသမားဟောင်းစတိဗ်ဂျန်နင်းတို့လည်း ပါဝင်ပါတယ်။
ယင်းပွဲကို အာဆင်နယ်ဂိုးသမားဟောင်းဂရေဟမ်စတစ်ခ်က ကျင်းပတာ ဖြစ်ပြီး ရရှိတဲ့ ငွေကြေးအားလုံးကို ပရဟိတအဖွဲ့သို့ လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။
အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ မက်ကော်မစ်ခ်က ပါဝင်ထိုးသတ်တဲ့ ကစားသမားဟောင်းများထဲတွင် နာမည်အကြီးဆုံးသူ ဖြစ်ပါတယ်။
စကော့တလန်အတွက် ၁၃ ပွဲကစားခဲ့သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွင်း ကလပ် ၁၄ ခုမှာ ကစားခဲ့ပါတယ်။
သူဟာ လိဒ်အတွက် ၁၄၄ ပွဲကစားခဲ့ရာမှာ ၅၃ ဂိုးသွင်းပြီးနောက် ဖူလ်ဟမ်သို့ ပေါင် ၁၁ သန်းဖြင့် ပြောင်းခဲ့ပါတယ်။ သူဟာ လန်ဒန်အခြေစိုက်ကလပ်အတွက် ၈၉ ပွဲကစားခဲ့ရာမှာ ၃၈ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဗီလာမှာ ကစားစဉ်မှာတော့ အောင်မြင်မှု မရခဲ့ဘဲ အငှားဖြင့် ထွက်ကစားခဲ့ရပါတယ်။ သူဟာ ဩစတြေးလျကလပ် မဲလ်ဘုန်းစီးတီးမှာလည်း ကစားခဲ့ပါတယ်။
သူဟာ အပျော်တမ်းလိဂ်တွင်လည်း ကျင်လည်ခဲ့ပြီး ဒွန်ကက်စတာတွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။