ချန်ပီယံရှစ်တွင် ရုန်းကန်နေရပေမယ့် ရုပ်ပုံလွှာမူပိုင်ခွင့်အတွက် တစ်ပွဲလျှင် ပေါင် ၁ သိန်းကျော် ရရှိနေတဲ့ မေ့လျော့ခံ အင်္ဂလန်စတား
=======================
မေ့လျော့ခံ မန်စီးတီးနှင့် အင်္ဂလန်စတားကယ်ဗင်ဖီးလစ်ဟာ ပြီးခဲ့တဲ့လေးရာသီအတွင်းတွင် ၄၆ ပွဲတည်းသာ ကစားခွင့်ရခဲ့ပေမယ့်လည်း ၎င်းရဲ့ရုပ်ပုံလွှာမူပိုင်ခွင့် ကုမ္ပဏီမှာ ပေါင် ၅ သန်းအထိ ရရှိခဲ့ပါတယ်။
မန်စီးတီးတွင် တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေတဲ့ ကယ်ဗင်ဖီးလစ်ဟာ ရုပ်ပုံလွှာမူပိုင်ခွင့်အတွက် တစ်ပွဲလျှင် ပေါင် ၁၀၀၀၀၀ ကျော် ရရှိနေတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အတွက် ၃၁ ပွဲကစားထားတဲ့ ဖီးလစ်ဟာ Adidas အပါအဝင် ထိပ်တန်းကုမ္ပဏီများနှင့် စပွန်ဆာစာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားရဲ့ ကုမ္ပဏီ P23 Ltd ဟာ ကွင်းပြင်ပဝင်ငွေ တစ်နှစ်လျှင် ပေါင် ၁.၃ သန်း ရရှိနေတာပါ။
သူဟာ အင်္ဂလန်နှင့်အတူ နိုင်ငံတကာပွဲအတွေ့အကြုံများစွာ ရှိပေမယ့်လည်း လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပါဝင်လာဖို့တော့ မရှိပါဘူး။
သူဟာ ယခုရာသီတွင် ဟက်ဒါဖီးလ်နှင့် လိဂ်ဖလားတတိယအဆင့်တွင် မန်စီးတီးအတွက် ၇ မိနစ်တည်းသာ ကစားခွင့်ရခဲ့သူပါ။
သူဟာ ဖေဖော်ဝါရီလမှာ ချန်ပီယံရှစ်ကလပ် ရှက်ဖီးလ်ယူနိုက်တက်သို့ အငှားဖြင့် ပြောင်းကစားခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာများကြောင့် ၃ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
အသက် ၃၀ နှစ်ရှိ ဖီးလစ်ဟာ ၂၀၂၂ ခုနှစ်တုန်းက လိဒ်မှ ပေါင် ၄၂ သန်းဖြင့် ပြောင်းလာပြီးနောက် အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်ခဲ့ရကာ ဝက်စ်ဟမ်းသို့လည်း ၆ လအငှားဖြင့် သွားကစားခဲ့ရဖူးပါတယ်။