ဗဟိုနောက်ခံလူရူဒီဂါအား စာချုပ်သစ်ချုပ်ဆိုရန် ရီးရဲလ်မက်ဒရစ် သဘောတူညီမှုရရှိ
====================
ရီးရဲလ်မက်ဒရစ်ဟာ နှစ်ရာသီဆက် ဆုဖလားလက်မဲ့ ရာသီကြုံရဖို့ ရှိနေပေမယ့်လည်း ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသင်းရဲ့အရေးပါတဲ့ ဝါရင့်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ အန်တိုနီယိုရူဒီဂါအား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရန်တီနိုပီရက်ဇ်ဟာ နှစ်ရာသီဆက် ဆုဖလားလက်မဲ့ရာသီကြုံရမယ့်အခြေအနေကြုံပြီးနောက် နွေရာသီတွင် အသင်းကို အကြီးအကျယ် အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်နေပါတယ်။
တဖက်တွင် ပီရက်ဇ်ဟာ ရေတိုအတွက် ဝါရင့်ခံစစ်မှူးရူဒီဂါအား တစ်နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ဂျာမနီလက်ရွေးစင်ဟာ ၂၀၂၂ ခုနှစ်တွင် ချဲလ်ဆီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ ကိုပါဒယ်ရေးဖလားတို့ ရရှိထားသူ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ ရူဒီဂါဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲအရပ်ရပ် ၂၁ ပွဲတည်းသာ ကစားထားနိုင်ပေမယ့်လည်း ဒဏ်ရာကင်းစင်ချိန်တွင် အသင်းရဲ့အရေးပါတဲ့သူအဖြစ် ကစားနိုင်ဆဲ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရူဒီဂါအား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရယူလာပေမယ့်လည်း ဩစတြီးယားနောက်ခံလူဒေးဗစ်အလာဘာကိုမူ ထွက်ခွာခွင့်ပြုလာဖို့ ရှိနေပါတယ်။