တန်းဆင်းဇုန်မှ လွတ်မြောက်နိုင်မယ့်အခွင့်အရေး လွဲခဲ့ပြီးနောက် စပါးစ်ကစားသမားများကို ရောဘတ်တိုဒီဇာဘီ သတိပေးလာ
================
ရောဘတ်တိုဒီဇာဘီက စပါးစ်အသင်းမှာ တန်းဆင်းရမယ့် အရေးမှ လွတ်မြောက်နိုင်ရေး လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲလုံးကို အနိုင်ယူနိုင်ကြောင်း ပြောကြားလာပါတယ်။
စပါးစ်ဟာ စနေနေ့ညတုန်းက ဇာဗီးဆိုင်မွန်ရဲ့ ဂိုးဖြင့် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲ ရယူနိုင်မယ့် အခွင့်အရေး ကြုံခဲ့ပေမယ့် ဂျော်ဂျီနီယိုရူတာရဲ့ နောက်ကျချေပဂိုးကြောင့် ဘရိုက်တန်နှင့် ၂ ဂိုးစီသရေကျခဲ့ပါတယ်။
ယင်းသရေပွဲကြောင့် စပါးစ်ဟာ တန်းဆင်းဇုန်မှာ ဆက်လက်ရှိနေခဲ့ရကာ ဝက်စ်ဟမ်းနှင့် တစ်ပွဲပိုကစားပြီး တစ်မှတ်အကွာတွင် ရှိလာပါတယ်။
ဒါပေမယ့် ဒီဇာဘီက "မပြီးသေးပါဘူး။ ခက်ခဲလာမယ်ဆိုတာ သိထားပြီးသားပါ။ ခက်ခဲတဲ့အခြေအနေပါ။ ဒါပေမယ့် နောက်ထပ် ငါးပွဲကစားဖို့ ကျန်သေးတယ်။ ဆယ့်ငါးမှတ်အတွက် ကစားရဦးမယ်။ ပြီးတော့ ဒီအသင်းကလည်း ငါးပွဲဆက်အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ အခု ကျွန်တော့်စကားကို ကြားရလို့ ယုံဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကစားသမားတွေကို ကြည့်လိုက်ပါ၊ သူတို့အဆင့်ကို ဆန်းစစ်လိုက်ပါ။ ကျွန်တော်တို့ ငါးပွဲဆက်အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ မာနတစ်ခွဲသား ရှိနေတာ မဟုတ်ပါဘူး။ အထူးသဖြင့် အခုလို အခါမျိုးမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့မှာ ဆက်တိုက် အနိုင်ယူနိုင်ရေး တိုက်ပွဲဝင်နိုင်တဲ့ အရည်အသွေး ရှိပါတယ်။ သူတို့ တွေးစရာမလိုပါဘူး။ သူတို့ ကျွန်တော်ပြောတာနားထောင်ပြီး လိုက်လုပ်ရုံပါ။ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူတယ်။ သူတို့ အကောင်းဆုံးကြိုးစားကြတယ်။ မှန်ကန်တဲ့ စိတ်ဓာတ်ရှိတယ်။ မှန်ကန်တဲ့ သတ္တိနဲ့ စရိုက်ရှိကြတယ်။ သရေပဲ ရယူနိုင်လို့ စိတ်ပျက်တယ်။ အရမ်းခက်ခဲတဲ့အခြေအနေမှာ အပြည့်အဝ အားပေးကြတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းဘူး။ ကွင်းက အရမ်းအံ့ဩစရာကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ လာမယ့်အပတ် စနေနေ့တွင် နောက်ထပ် တန်းမဆင်းရရေး တိုက်ပွဲအဖြစ် ဝုဗ်နှင့် ရင်ဆိုင်ရပါမယ်။
ဒါ့အပြင် အီတလီလူမျိုးနည်းပြက ကစားသမားအားလုံးအား လာမယ့် တနင်္လာနေ့တွင် ပြုံးရွှင်သော မျက်နှာဖြင့် လေ့ကျင့်ရေးကွင်းသို့ လာရောက်ကြရန်လည်း အမိန့်ပေးသွားပါတယ်။
ဆက်လက်ပြီး ဘရိုက်တန်နှင့် မာဆေးနည်းပြဟောင်းက "အပြုသဘောမဆောင်တဲ့ လူတွေ၊ စိတ်မကောင်းဖြစ်တဲ့ ကစားသမားနဲ့ လက်ထောက်တွေကို ကြည့်နေဖို့ အချိန်မရှိဘူး။ အပြုသဘောဆောင်ရမယ်။ ငိုယိုပြီး အပြုသဘောမဆောင်တာ တွေးနေတဲ့လူတွေကို သဘောမကျပါဘူး။ သူတို့အနေနဲ့ ဝုဗ်ပွဲအတွက် သန်မာပြီး အာရုံစိုက်နေဖို့ လိုတယ်။လေ့ကျင့်ရေးကွင်းသို့ ပြုံးရွှင်တဲ့မျက်နှာနဲ့ လာကြပါ။ မဟုတ်ရင် ချက်ချင်းအိမ်ပြန်ပို့ခံရပါမယ်"လို့ ပြောကြားသွားပါတယ်။

image