ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် အဓိကဖလား ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအမေရိကန်နိုင်ငံသားနည်းပြဖြစ်လာတဲ့ မာတာရာဇို
====================
ပယ်လီဂရီနိုမာတာရာဇိုဟာ စနေနေ့တုန်းက ဆိုစီဒက်က ပင်နယ်တီအဆုံးအဖြတ်ဖြင့် အက်သလက်တီကိုအား အနိုင်ယူကာ ကိုပါဒယ်ရေးဖလား ဆွတ်ခူးပြီးနောက် ဥရောပထိပ်သီး လိဂ်ကြီး ၅ ခုမှ အဓိကဆုဖလားအား ရယူနိုင်တဲ့ ပထမဆုံးအမေရိကန်နိုင်ငံသားနည်းပြဖြစ်လာပါတယ်။
မာတာရာဇိုဟာ ဆိုစီဒက်အား ကိုင်တွယ်တဲ့ ဒုတိယမြောက်ရာသီတွင် ၂၀၁၉-၂၀ ရာသီနောက်ပိုင်း ပထမဆုံးအဓိကဆုဖလားအဖြစ် ကိုပါဒယ်ရေးဖလား ရယူပေးလာတာ ဖြစ်ပါတယ်။
မာတာရာဇိုဦးဆောင်တဲ့ ဆိုစီဒက်အား စနေနေ့ည ကိုပါဒယ်ရေးဗိုလ်လုပွဲတွင် အန်ဒါဘာရီနက်ဇီယာ၊ မီခေးလ်အိုယာဇာဘယ်တို့ရဲ့ ဂိုးတွေဖြင့် နှစ်ကြိမ်တိုင်တိုင် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း လုပ်ခ်မန်း၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ဂိုးတွေဖြင့် အက်သလက်တီကိုက ချေပဂိုးရခဲ့ပါတယ်။
ပွဲချိန်အတွင်း ၂ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ကန်ရာမှာတော့ ဆိုစီဒက်က ၄-၃ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ယခင်တုန်းက ဥရောပတွင် ဆုဖလားရယူနိုင်ခဲ့တဲ့ နည်းပြအဖြစ် လက်ရှိ ကနေဒါနည်းပြဂျက်စီမတ်ရှ်က ရက်ဘူးလ်ဆဲလ်ဘတ်နှင့်အတူ ဩစတြီးယားဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပေမယ့် ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုမှာတော့ ဆုဖလား ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ယခု မာတာရာဇိုက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် အရေးပါတဲ့ ဆုဖလား ရယူနိုင်တဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားနည်းပြဖြစ်လာပါတယ်။

image