2 ရက် - ဘာသာပြန်ပါ။

အန်ဒိုရာမှ ခိုးသွင်းလာတဲ့ တန်ဖိုးကြီး Rolex နှင့် Patek Philipe နာရီများအတွက် ပရီးမီးယားလိဂ်စတားဟောင်း ၅ ဦးအပါအဝင် ဘောလုံးသမား ၇ ဦးစစ်ဆေးခံနေရ
=====================
နာမည်ကျော်ဘောလုံးသမား ၇ ဦးတို့ဟာ အန်ဒိုရာတွင် တန်ဖိုးကြီးနာရီမှောင်ခိုမှုအတွက် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်၊ ဆန်တီကာဇိုလာ၊ ဂျီယိုဗန်နီလိုစယ်ဆို၊ သောမတ်စ်ပါတေး၊ ဆီဇာအက်ဇ်ပီလီကူတာ၊ ဟွန်ဘားနက်၊ မန်စီးတီးဂန္ထဝင်ဒေးဗစ်ဆေးလ်ဗားတို့ဟာ တန်ဖိုးကြီးနာရီများ မှောင်ခိုဝယ်ယူခဲ့ကြတယ်လို့ စပိန်သတင်းစာ El Diario က ဖော်ပြသွားပါတယ်။

ဒါ့အပြင် ယင်းသတင်းစာက အန်ဒိုရာတရားသူကြီးဂျိုအန်ကားလက်စ်မျိုနက်ကလည်း ကစားသမားများရဲ့ ယင်းနာရီများအား 'ဝယ်ယူမှု၊ ပေးပို့မှု၊ ပို့ဆောင်မှု"တို့နှင့်ပတ်သက်ပြီး မေးမြန်းမှုများ ပြုလုပ်ပေးရန် စပိန်အာဏာပိုင်များကို တောင်းဆိုထားကြောင်း သိရပါတယ်။

စပိန်ရဲ့အမျိုးသားဥပဒေစိုးမိုးရေးအေဂျင်စီ နှစ်ခုမှ တစ်ခုဖြစ်တဲ့ Civil Guard က ယင်းနှင့်ပတ်သက်ပြီး ကစားသမားများကို ဆက်သွယ်မေးမြန်းမှု ပြုလုပ်ထားပြီး ဖြစ်ကြောင်း ဆိုထားပါတယ်။

ယင်းအမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ဒီယေဂိုဂျီစီဟာ အောက်တိုဘာလတုန်းက အန်ဒိုရာနိုင်ငံတွင် တရားမဝင်မှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် စွပ်စွဲခံထားရပြီး ယာယီထောင်ချခြင်းခံထားရပါတယ်။ ယင်းရာဇဝတ်မှုတွေက အန်ဒိုရာမှာ ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်နိုင်တဲ့အမှုများ ဖြစ်ပါတယ်။

ဒီယေဂိုဂျီစီဟာ ယင်းတန်ဖိုးကြီးနာရီများကို ဝယ်ယူရာတွင် အကောက်ခွန်ရှောင်တိမ်းမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရပါတယ်။

ယင်းတန်ဖိုးကြီးနာရီများကို စပိန်တွင် ကစားသမားများထံသို့ တိုက်ရိုက်ရောင်းချခြင်းမပြုလုပ်ဘဲ ဒီယေဂိုဂျီစီဟာ သူနှင့်ဆက်စပ်နေတဲ့ စပိန်ကုမ္ပဏီမှ တဆင့် သူပိုင်ဆိုင်တဲ့ အန်ဒိုရာကုမ္ပဏီသို့ တင်ပို့ခဲ့တာပါ။

ယင်းကုမ္ပဏီနှစ်ခုလုံးဟာ အကောက်ခွန်ရှောင်တိမ်းလိုမှုနှင့်အတူ ယင်းသို့ လုပ်ဆောင်ခဲ့တာလို့ တရားသူကြီးက ယူဆထားပါတယ်။

တဖက်တွင် တရားသူကြီးဟာ ယင်းနာရီများကို ဝယ်ယူခဲ့ကြတဲ့ ကစားသမား ၇ ဦးနှင့် ကုမ္ပဏီများအား ယင်းနာရီများကို အန်ဒိုရာကုမ္ပဏီထံ ရောင်းချပြီးမှ ကစားသမားများကို ပြန်လည်ရောင်းချမှု ပြုလုပ်မှုနှင့်ပတ်သက်ပြီး မေးမြန်းမှုများ ပြုလုပ်လိုနေပါတယ်။

ယင်းအမှုတွင် အမျိုးသမီးတစ်ဦးလည်း ပါဝင်နေပြီး သူမဟာ နာရီတစ်လုံးကို ဝယ်ယူပြီး သုံးရက်အကြာတွင် ရရှိပြီးမှ ငွေပြန်အမ်းခြင်းခံခဲ့ရပါတယ်။

ဘောလုံးသမားများဟာ Rolex ၊ Patek Philipe အပါအဝင် တန်ဖိုးကြီးနာရီများကို မူရင်းကုမ္ပဏီထံမှ မဝယ်ယူဘဲ ဒီယေဂိုဂျီစီရဲ့ အန်ဒိုရာကုမ္ပဏီမှ ဝယ်ယူခဲ့တာပါ။

အာဆင်နယ်အလယ်တန်းကစားသမားဟောင်းဖြစ်သလို ဗီလာရီးရဲလ်စတားပါတေးမှာ Patek Philippe နာရီသုံးလုံးကို ယူရို ၄၁၅၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း El Diario က ဖော်ပြသွားပါတယ်။

ဒါ့အပြင် နောက်ထပ် ထွက်ပေါ်လာတဲ့သတင်းအရ ယင်းနာရီများကို အန်ဒိုရာမှ စပိန်သို့ ယူဆောင်ရာတွင် အကောင်ခွန်ဖြတ်သန်းခဲ့ခြင်း မရှိပါဘူး။

အမှုအနှစ်ချုပ်အရ ဒီယေဂိုဂျီစီဟာ အန်ဒိုရာမှ စုစုပေါင်း ယူရို ၁.၃၅ သန်းတန်ဖိုးရှိ တန်ဖိုးကြီး နာရီ ၃၈ လုံးအား အကောက်ခွန်မဖြတ်သန်းဘဲ တင်ပို့ထားတာပါ။

တဖက်တွင် အန်ဒိုရာတရားသူကြီးဟာ ယင်းနာရီများကို ဘယ်လို ဝယ်ယူခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ဘောလုံးသမားများနှင့် စကားပြောပြီး သိရှိလိုနေပါတယ်။

image