တောင်းပန်ခဲ့ပေမယ့် မန်စီးတီးနှင့်ပွဲကို ဖာနန်ဒက်ဇ် လွဲချော်လာမည်ဟု ချဲလ်ဆီးနည်းပြရိုဆင်နီယာအတည်ပြုလာ
====================
ချဲလ်ဆီးနည်းပြလီယမ်ရိုဆင်နီယာက ချဲလ်ဆီးအလယ်တန်းကစားသမားအန်ဇိုဖာနန်ဒက်ဇ်မှာ မက်ဒရစ်မှတ်ချက်စကားအတွက် တောင်းပန်ခဲ့ပေမယ့်လည်း လာမယ့် မန်စီးတီးနှင့် အိမ်ကွင်းပွဲစဉ်တွင် ပါဝင်လာဦးမည်မဟုတ်ကြောင်း အတည်ပြု ပြောကြားလာပါတယ်။
ဖာနန်ဒက်ဇ်ဟာ နိုင်ငံတကာပွဲ သွားကစားနေစဉ် မက်ဒရစ်တွင် နေထိုင်လိုကြောင်း ပြောကြားခဲ့မှုကြောင့် ကလပ်ရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အာဂျင်တီးနားကွင်းလယ်ကစားသမားဟာ ယင်းသို့ ပြောဆိုပြီးနောက် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့မယ်လို့ ကျယ်ပြန့်စွာ သတင်းထွက်လာခဲ့ပါတယ်။
မကြာသေးမီတုန်းက ဖာနန်ဒက်ဇ်ရဲ့ အေးဂျင့်ဂျာဗီးယားပါစတိုရီက ချဲလ်ဆီးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ပြဿနာများကို ရှင်းလင်းလိုက်ပြီ ဖြစ်ကြောင်း၊ ဖာနန်ဒက်ဇ်မှာလည်း ကစားဖော်များကို တောင်းပန်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဒါပေမယ့် ရိုဆင်နီယာက ဖာနန်ဒက်ဇ်မှာ မန်စီးတီးနှင့်ပွဲတွင် ပါဝင်လာဦးမည်မဟုတ်ကြောင်း အတည်ပြုလာပါတယ်။
ရိုဆင်နီယာက "ဖာနန်ဒက်ဇ်နဲ့ သုံးလေးကြိမ် စကားပြောဖြစ်တယ်။ သူ ကျွန်တော့်ကို တောင်းပန်ခဲ့တယ်။ ကလပ်ကို တောင်းပန်ခဲ့တယ်။ တနင်္ဂနွေနေ့ အရေးပါတဲ့ပွဲပြီးတော့မှ ကိုင်တွယ်ဖြေရှင်းပါမယ်။ တခါတလေ အရမ်းအရေးကြီးတဲ့ လေးနက်တဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။ အန်ဇိုရဲ့စရိုက်နဲ့ ပုဂ္ဂိုလ်ရေးအပေါ် မေးခွန်းမထုတ်ပါဘူး။ ကျွန်တော်တို့ အရေးယူမှု လုပ်ခဲ့တယ်။ ကျွန်တော်တို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်က အန်ဇိုကို အရမ်းကောင်းတဲ့ ကစားသမားဘဝ ပိုင်ဆိုင်စေချင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာ အဆင့် ၅ နေရာမှ လီဗာပူးနှင့် တစ်မှတ်ကွာဟကာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် ရိုဆင်နီယာက ဖာနန်ဒက်ဇ်ကို မန်စီးတီးနှင့်ပွဲတွင် အသုံးမပြုခြင်းမှာ ကိုယ့်ခြေထောက်ကို သေနတ်ဖြင့် ပစ်ခြင်းမျိုး မဟုတ်ကြောင်းလည်း ဆိုသွားပါသေးတယ်။