1 ပတ် - ဘာသာပြန်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်အချက် (၄၃) ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတပြော

ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်ဆွေးနွေးသဘောတူထားသည့် အချက် (၄၃) ချက်ကို ပြည်ထောင်စုလွှတ် တော်သို့တင်သွင်းဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်နံနက် ၁၀ နာရီက ပြည်ထောင်စုလွှတ်တော်တွင်ကျင်းပသည့် နိုင်ငံတော်သမ္မတသစ်ကတိသစ္စာပြုပွဲတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန် ဆွေးနွေးသဘောတူထားသော အချက် (၄၃) ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမည်ဟု ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပိုဒ် ၂၀ (င) အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးသဘောတူချုပ်ဆိုထားသော ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း (၁)၊ (၂)၊ (၃)တို့ကို NCA အပိုဒ် ၂၀ (စ) နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေး၍ အတည်ပြုချက်ရယူဆောင်ရွက်သွားမည်ဟု ပြောသည်။

"ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာပြဋ္ဌာန်းပေးထားတဲ့ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ထိရောက်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ"ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးရရှိရန်မဖြစ်မနေလိုအပ်၍ နိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးဖော်ဆောင်ရန်ကြိုးပမ်းရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

image