အက်သလက်တီကိုရှုံးပွဲမှ VAR နှင့်ပတ်သက်ပြီး ယူအီးအက်ဖ်အေထံ ဘာစီလိုနာ တိုင်ချက်ဖွင့်
=====================
ဘာစီလိုနာဟာ ဗုဒ္ဓဟူးနေ့တုန်းက အက်သလက်တီကိုအား ၂-၀ ဖြင့် ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် VAR ကြားဝင် ပါဝင်ပတ်သက်မှု အားနည်းခဲ့မှုအတွက် ယူအီးအက်ဖ်အေထံ တိုင်ကြားမှု ပြုလုပ်လာပါတယ်။
ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာဟာ နူးကမ့်ပွဲစဉ်ရဲ့ ပွဲချိန် ၅၄ မိနစ်မှာ အက်သလက်တီကိုနောက်ခံလူမာ့ခ်ပူဘေးလ် ဘောလုံးကို လက်ဖြင့် ကိုင်ခဲ့ပေမယ့်လည်း ပင်နယ်တီ မရခဲ့ပါဘူး။
ယင်းပွဲအစောပိုင်းတွင် အဝါကတ်ပြသခြင်းခံခဲ့ရတဲ့ ပူဘေးလ်ဟာ ဂိုးသမားဟွန်မူဆိုက ကန်တင်ဘော ပြုလုပ်ပြီး ပွဲပြန်စချိန်တွင် ဘောလုံးကို လက်ဖြင့် ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာကစားသမားများက ပင်နယ်တီ တောင်းဆိုခဲ့ပေမယ့်လည်း ဒိုင်လူကြီးအစ်စဗန်ကိုဗစ်က ပွဲကို ဆက်ကစားစေခဲ့သလို VAR ဒိုင်ခရစ္စတီယန်ဒင်ဂတ်ကလည်း ပါဝင်လာခဲ့ခြင်း မရှိပါဘူး။
ယင်းပွဲစဉ်တွင် ဘာစီလိုနာဟာ ကူဘာဆီမှာ ဆီမြွန်နီအား ပြစ်ဒဏ်ကျူးလွန်မှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ရပေမယ့်လည်း VAR က ကွင်းဘေး မော်နီတာတွင် ပြန်လည်စစ်ဆေးရန် အကြံပေးခြင်းခံရပြီးနောက် ဒိုင်လူကြီးအစ်စဗန်ကိုဗစ်ရဲ့ အနီကတ်ပြောင်းပြခြင်းခံခဲ့ရကာ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။
အဆိုပါပွဲအပြီးတွင် ဘာစီလိုနာနည်းပြဟန်ဆီဖလစ်က "ဒီကနေ့မှာ VAR က အက်သလက်တီကိုအတွက်ပဲ အာရုံစိုက်တယ်။ ဂိုးသမား ပွဲကို ပြန်စတင်ချိန်မှာ ဘာဖြစ်သွားလဲ မသိပါဘူး။ နောက်ခံလူက ဘောလုံးကို လက်နဲ့တားတယ်။ ပြီးရင် ပြန်စကစားတယ်။ ကျွန်တော့်အတွက် ဒါက အနီကတ်ပါ။ ဒုတိယမြောက်အဝါကတ်ပြပြီးရင် အနီပေါ့။ ပြီးရင် ပင်နယ်တီပေးရမယ်"လို့ ပြောကြားသွားပါတယ်။
ယခုအခါမှာတော့ ဘာစီလိုနာဟာ ယင်းပွဲတွင် VAR ရဲ့ ကြားဝင်ပါဝင်ပတ်သက်ပြီး နည်းပါးမှုအတွက် ယူအီးအက်ဖ်အေထံသို့ တရားဝင်တိုင်ချက်ဖွင့်လှစ်လာပြီ ဖြစ်ပါတယ်။