ရာသီအကုန်တွင် လီဗာပူးမှ ထွက်ခွာလာတော့မယ့် အင်ဒီရောဘတ်ဆင်
===================
အင်ဒီရောဘတ်ဆင်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် နွေရာသီတွင် ကလပ်မှ ထွက်ခွာလာတော့မယ်လို့ လီဗာပူးက အတည်ပြု ကြေညာလာပါတယ်။

အသက် ၃၂ နှစ်ရှိ စကော့တလန်အသင်းခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ်တုန်းက ဟားလ်စီးတီးမှ ပေါင် ၈ သန်းဖြင့် ပြောင်းလာပြီးနောက် လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။

အင်ဒီရောဘတ်ဆင်က "အခု ပြောင်းရမယ့်ကာလသို့ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ကိုးနှစ်တာကာလကို ကြည့်ပြောင်းကြည့်ရင် ကျွန်တော့်မျက်နှာမှာ ကြီးမားတဲ့အပြုံးကို မြင်ရပါမယ်"လို့ ဆိုသွားပါတယ်။

ရောဘတ်ဆင်ဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက စပါးစ်သို့ ပြောင်းရွှေ့‌ရေး ကလပ်နှစ်ခုအကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးဟာ ရိုးမားသို့ အငှားချထားတဲ့ ကိုစတာဆီမီကစ်ကို ပြန်လည် ခေါ်ယူနိုင်ခြင်း မရှိပြီးနောက် ရောဘတ်ဆင်ရဲ့ စပါးစ်အပြောင်းအရွှေ့အား ရုတ်သိမ်းလိုက်ရပါတယ်။

ရောဘတ်ဆင်ဟာ နွေရာသီတွင် ဘုန်းမောက်မှ ဟန်ဂေရီဘယ်နောက်ခံလူမီလို့စ်ကာကတ်ဇ် ပေါင်သန်း ၄၀ ဖြင့် ရောက်လာပြီးနောက် ယခုရာသီ ပွဲအများစုတွင် အရန်ခုံမှာ ထိုင်လာခဲ့ရသူလည်း ဖြစ်ပါတယ်။

သူဟာ လီဗာပူးအတွက် ၃၇၃ ပွဲကစားခဲ့ကာ ဆုဖလား ၉ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ရောဘတ်ဆင်က "ဒီကလပ်က ကျွန်တော့်အတွက် အရာရာပါ။ ပရိသတ်တွေကလည်း ကျွန်တော့်အတွက် အရမ်းအရေးပါတယ်။ ဒီလူတွေနဲ့ ကလပ်အကြား ဆက်သွယ်ထားမှုက ကျွန်တော့်အတွက် အရမ်းအရေးပါတယ်။ သူတို့အပေါ် အကြွေးတင်နေတုန်းပဲလို့ ခံစားရတယ်။ နောက်ဆုံးနေ့အထိ ဒီမှာ ကစားတဲ့ ကိုးနှစ်တာကာလအတိုင်း ဒီကလပ်အတွက် အစွမ်းကုန်ကြိုးစားပေးသွားမယ်"လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာ ယခုရာသီတွင် မန်စီးတီးအား ၄-၀ ဖြင့် ရှုံးနိမ့်ကာ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှ ထွက်ခွာထားရသလို ဗုဒ္ဓဟူးနေ့တုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင်လည်း ပီအက်စ်ဂျီကို ၂-၀ ဖြင့် အရေးနိမ့်ထားပါတယ်။

လီဗာပူးဟာ မကြာသေးမီတုန်းကလည်း ရာသီအကုန်တွင် မိုဟာမက်ဆာလက် ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

image