2 ရက် - ဘာသာပြန်ပါ။

မက္ကဆီကိုကလပ်မှ ထွက်ခွာလာပြီးနောက် ကစားသမားဘဝမှ အနားယူလာတဲ့ အေရွန်ရမ်ဆေး
=================
အေရွန်ရမ်ဆေးဟာ အသက် ၃၅ နှစ်အရွယ်မှာပဲ ကစားသမားဘဝမှ အနားယူလာပြီ ဖြစ်ပါတယ်။

အာဆင်နယ်နှင့် ဝေးလ်စတားဟောင်းဟာ ဒီဇင်ဘာလတုန်းက မက္ကဆီကိုကလပ် Pumas မှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။

သူဟာ တံကောက်ကြောဒဏ်ရာကြောင့် မက္ကဆီကိုကလပ်အတွက် ၆ ပွဲတည်းသာ ကစားနိုင်ခဲ့ပြီး သူမွေးထားတဲ့ Halo အမည်ရှိ ခွေးပျောက်ဆုံးကာ အိမ်သို့ ပြန်လာပြီးနောက် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ရမ်ဆေးဟာ ကလပ်လက်မဲ့ ဖြစ်နေမှုနှင့်အတူ ခရစ်ဘယ်လာမီရဲ့ ကမ္ဘာ့ဖလားပလေးအော့ဖ်အတွက် ဝေးလ်လူစာရင်းတွင် ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ ဝေးလ်မှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲကျလာမှုနှင့်အတူ ရမ်ဆေးအတွက် ကမ္ဘာ့ဖလားအိပ်မက်လည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

ရမ်ဆေးက "ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချခဲ့တာ မဟုတ်ဘူး။ အများကြီး စဉ်းစားပြီးတဲ့နောက် ဘောလုံးလောက အနားယူဖို့ ဆုံးဖြတ်လိုက်တာ"လို့ ပြောကြားသွားပါတယ်။

ရမ်ဆေးဟာ ဝေးလ်လက်ရွေးစင်အသင်းအတွက် ၈၆ ပွဲကစားကာ ၂၁ ဂိုးသွင်းယူပြီး သမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

သူဟာ ဝေးလ်နှင့်အတူ ယူရို ၂၀၁၆၊ ယူရို ၂၀၂၀ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားတို့ ပါဝင်ကစားခဲ့ပါတယ်။

သူဟာ ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်အောင် အဓိကနေရာမှ ကူညီခဲ့ပြီးနောက် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ကာဒစ်ဖ်တွင် ကစားသမားဘဝစတင်ပြီးနောက် အာဆင်နယ်တွင် ၁၁ နှစ်ကစားခဲ့ကာ အက်ဖ်အေဖလား ၃ ကြိမ် ရရှိခဲ့ပါတယ်။

ယင်းနောက် သူဟာ ဂျူဗင်တပ်၊ ရိန်းဂျား၊ နိုက်စ်တို့တွင်လည်း ကစားခဲ့ပါတယ်။

image