1 ရက် - ဘာသာပြန်ပါ။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၅ သင်းရဖို့ သေချာသွားပြီဖြစ်တဲ့ ပရီးမီးယားလိဂ်
=====================
ပရီးမီးယားလိဂ်ဟာ European Performance Spot အရ လာမယ့် ရာသီတွင် အနည်းဆုံး ချန်ပီယံလိဂ်ဝင်ခွင့် ၅ သင်း ၂ နှစ်ဆက် ရရှိဖို့ သေချာသွားပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက စပို့တင်းလစ္စဘွန်းကို ကွာတားဖိုင်နယ်ပထမအကျော့တွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် အနည်းဆုံး ၅ နေရာရရှိဖို့ သေချာသွားခဲ့တာပါ။

ယူအီးအက်ဖ်အေဟာ ဥရောပပြိုင်ပွဲ သုံးရပ်မှ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ထိပ်ဆုံးလိဂ် ၂ ခုအား ထပ်ဆောင်းနေရာပေးနေတာပါ။

ပရီးမီးယားလိဂ်ဟာ European Performance Spot အဆင့်တွင် ထိပ်ဆုံးမှ ရပ်တည်နေတာ ဖြစ်ပြီး ထိပ်ဆုံး ၂ နေရာတွင် ရပ်တည်နိုင်ရန် သေချာသွားခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၄-၂၅ ရာသီတုန်းက European Performance Spot အရ နယူးကာဆယ်တို့ ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ပြီးလည်း ဖြစ်ပါတယ်။

တဖက်တွင် စပိန်ကလည်း ဂျာမနီ၊ ပေါ်တူဂီတို့ရဲ့အပေါ်တွင် ရပ်တည်နေကာ European Performance Spot ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ရေး အခြေအနေကောင်းနေပါတယ်။

ဒါပေမယ့် အင်္ဂါနေ့တုန်းက ဘိုင်ယန်မြူးနစ်က ရီးရဲလ်မက်ဒရစ်အား ၂-၁ ဖြင့် အနိုင်ရခဲ့သလို ဖရိုင်းဘတ်ကလည်း ဆဲလ်တာဗီဂိုနှင့် ရင်ဆိုင်ရမှာ ဖြစ်လို့ နောက်ပိုင်းတွင် အပြောင်းအလဲ ဖြစ်လာနိုင်ပါသေးတယ်။

လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာတွင် လီဗာပူးက ၄၉ မှတ်ဖြင့် ရပ်တည်နေပေမယ့်လည်း အဆင့် ၁၃ နေရာမှ ဘုန်းမောက်နှင့် ရမှတ် ၇ မှတ်သာ ကွာဟနေမှုကြောင့် လက်ကျန်ပွဲစဉ်များတွင် ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာဖို့ သေချာနေပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အဆင့် ၅ နေရာအတွက် ချဲလ်ဆီး၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်၊ ဖူလ်ဟမ်၊ ဘရိုက်တန်၊ ဆန်းဒါးလန်း၊ နယူးကာဆယ်၊ ဘုန်းမောက်တို့ ယှဉ်ပြိုင်နေပါတယ်။

တကယ်လို့များ အဆင့် ၄ နေရာတွင် ရပ်တည်နေတဲ့ အက်စတွန်ဗီလာက ယူရိုပါလိဂ်ချန်ပီယံ ဖြစ်လာပြီး ထိပ်ဆုံး ၅ သင်းစာရင်း မဝင်လာပါက ပရီးမီးယားလိဂ်မှ အသင်း ၆ သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့်ရလာပါမယ်။

ဒါ့အပြင် လီဗာပူးက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီး အဆင့် ၅ နေရာတွင် ရပ်တည်လာပါကလည်း အသင်း ၆ သင်း ချန်ပီယံလိဂ်ဝင်ခွင့်ရလာပါမယ်။

တကယ်လို့များ ဗီလာနှင့် လီဗာပူးတို့ ဥရောပဖလားကိုယ်စီ ရရှိပြီး အဆင့် ၅ နှင့် အဆင့် ၆ တွင် ရပ်တည်လာပါကလည်း အဆင့် ၇ တွင် ရပ်တည်တဲ့ကလပ်က ချန်ပီယံလိဂ်ဝင်ခွင့်ရလာပါမယ်။

image