ဖားကန့်မြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ

သုံးလခန့် စစ်ရေးဆိုင်ထားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင် ဆုတောင်းကုန်းပေါ်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ဆိုင်းတောင်နဲ့ ယူမာကျေးရွာ ဝန်းကျင် တဝိုက်မှာလည်း အနီးကပ် တိုက်ပွဲဖြစ်နေပြီး ဖားကန့်မြို့နယ်ထဲက အစိုးရတပ်ရဲ့ ဗျူဟာကုန်းကြီး တခုလုံးနီးပါးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“KIA ဦးဆောင်တဲ့ တပ်တွေက ဖားကန့်နယ် ဥရုချောင်းနဲ့ မှော်ဝမ်းဒေသထဲက စစ်ရေး အချက်အချာကျတဲ့ နေရာတွေကို အရင်ဆုံး ထိုးစစ်‌ဆင်နေတာပါ။ ဗျူဟာကုန်း တခုလုံးနီးပါးလည်း မီးလောင်နေတာ တွေ့ရတယ်။ အနိုင်အရှုံးကတော့ မကြာခင် အဖြေပေါ်တော့မယ်ထင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးအတွက် KIA အဖွဲ့က မနေ့ ဧပြီ ၅ ရက်မှာ ညမထွက်ရအမိန့် (မာရှယ်လော) ထုတ်ပြန်ခဲ့ပြီး သွားလာခွင့်အတွက် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“ဖြစ်နိုင်ရင် ဒီအချိန်ဘယ်မှ မသွားကြတာ အကောင်းဆုံးပါပဲ။ နေရာတိုင်း ညမထွက်ကြရင် အကောင်းဆုံးပါ။ အခုတင်ကို ပစ်ခတ်သံတွေ ကြားနေရတယ်။ နမ့်မဖြစ်၊ မှော်ဆီဇာ၊ လုံးခင်းလမ်း ခရီးသွားတွေလည်း ဂရုစိုက်စေချင်တယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

ဖားကန့်နယ်အတွင်းက အစိုးရတပ်ရဲ့ အရေးပါတဲ့ ရှေ့တန်းစခန်း ခြောက်ခုကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲဆက်လက် ပြင်းထန်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရှေ့တန်းစခန်းတချို့ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အစိုးရတပ်ဟာ ဖားကန့်မြို့အတွင်းက လမ်းတချို့နဲ့ မြို့အဝင်အထွက်ကို ပိတ်ဆို့ထားသလို ဖားကန့် - လုံးခင်းလမ်းပိုင်းက လယ်ပြင်ယမ်းချက် ဂိတ်ကိုပါ မနေ့ ဧပြီ ၅ ရက်၊ မနက်ပိုင်းကစပြီး ပိတ်လိုက်တာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား များစွာ ပိတ်မိနေကြတယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲက နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် ဖြစ်နေတာ မှန်ပေမယ့် ကျွန်တော်တို့ ဒေသခံတွေကတော့ ပြေးစရာမြေ မရှိတော့တဲ့အတွက် ဘယ်ကိုမှ မသွားကြတော့ပါဘူး။ ကိုယ့်အိမ်မှာကိုယ်နေရင်း ရင်တုန်နေရတဲ့ အခြေအနေပေါ့။ တိုက်ပွဲ မြန်မြန်ပြီးပါစေပဲ ဆုတောင်းနေရတယ်။ အခုအချိန်ည‌နေ ၄ နာရီကျော်လောက်အထိကို မရှီကထောင်ဘက်၊ ဆောင်းချိန်သင်္ချိုင်းဘက်တွေကနေ ပစ်သံ၊ ပေါက်ကွဲသံတွေ ကြားနေရတုန်းပဲ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ ဖားကန့်မြို့အပြင် ဗန်းမော်နဲ့ ဝိုင်းမော်မြို့တို့မှာလည်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

image