နတ်မောက် အရှေ့ခြမ်းမှာ တိုက်ပွဲ ပြင်းထန်နေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ် (အရှေ့ခြမ်း) မှာ အစိုးရတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြို့သစ်မြို့ အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၁၇) က စစ်ကြောင်းတကြောင်းအပြင် နေပြည်တော်က ထွက်လာတဲ့ စစ်ကြောင်းတွေနဲ့ ​ဒေသတွင်းလက်နက်ကိုင်တပ်​တွေ အခု ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။

“အဲဒီ စစ်ကြောင်းတွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ်တိုက်နေတာပါ။ နှစ်ဖက် အထိအခိုက်လည်း များတယ်။ ကြားဖြတ်တိုက်တာ ရှိပေမယ့် စစ်ကြောင်းက နတ်မောက်နယ်ထဲ မရပ်မနား ဆက်ပြီး ထိုးစစ်ဆင်နေတုန်းပဲ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

နတ်မောက်နယ် (အရှေ့ခြမ်း) က ကျောက်မိုးနဲ့ လျော်ချောင်းကျေးရွာကြားမှာ ရှိတဲ့ တောင်တန်းပေါ်က ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ စခန်းတခုကို စီးနင်းဖို့ အစိုးရတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း အဲဒီတောင်တန်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။

လတ်တလော ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းဟာ နေပြည်တော်၊ မိတ္ထီလာ၊ တောင်တွင်းကြီး၊ ကပစ - ၁၇ နဲ့ ရွာမွန်တပ်တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်ပြီး လက်နက်ကိုင်တပ်တွေရဲ့ ခုခံစစ်ကြောင့် ကျေးရွာတွေတဝိုက်မှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နတ်မောက်မြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နတ်မောက် အခြေစိုက် ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ဒီကနေ့ ဧပြီ ၆ ရက်၊ ညနေပိုင်း သတင်းထုတ်ပြန်ချက်မှာ ဧပြီ ၁ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က ထွက်လာတဲ့ အစိုးရစစ်ကြောင်းကို မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ် အစပ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲကြာချိန် ၃ နာရီဝန်းကျင် ရှိခဲ့ကာ အစိုးရတပ်ဘက်က ထိခိုက်ကျဆုံး ရှိနိုင်ပေမယ့် ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်ကတော့ မစိုးရိမ်ရဒဏ်ရာ အနည်းအကျဉ်းသာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး အစိုးရတပ်ဘက်ကတော့ နတ်မောက်မြို့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

image