ရီးရဲလ်မက်ဒရစ်နှင့်ပွဲကို လွဲချော်နိုင်ခြေရှိနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်း
====================
ဘိုင်ယန်မြူးနစ်ဟာ ယနေ့ညတွင် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် အသင်းရဲ့ တိုက်စစ်ကို ဟယ်ရီကိန်း ဦးဆောင်နိုင်ခြင်း ရှိ/မရှိ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ အသေးစားဒဏ်ရာပြဿနာ ရှိနေတာ ဖြစ်ပြီး တနင်္လာနေ့တုန်းက ဘိုင်ယန်မြူးနစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ပြီး မက်ဒရစ်သို့ သွားရောက်တဲ့ လူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေတယ်လို့ ယုံကြည်ရပြီး ဝင်ဘာလေကွင်းတွင် ဂျပန်ကို ရှုံးနိမ့်တဲ့ အင်္ဂလန်ရဲ့ခြေစမ်းပွဲစဉ်အား လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဖရိုင်းဘတ်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီဟာ ရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင် ဟယ်ရီကိန်း ပါဝင်နိုင်/မနိုင် အတိအလင်း ပြောဆိုလာခြင်း မရှိပါဘူး။
ကွန်ပနီက "ဟယ်ရီကိန်းလည်း အသင်းမှာ ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အပြုသဘောဆောင်တယ်။ မနက်ဖြန်(အင်္ဂါ)နေ့အထိ စောင့်ပြီးတော့မှ နောက်ဆုံး ဆုံးဖြတ်ချက်ချမယ်။ ဒီကနေ့ (တနင်္လာနေ့) သူ လေ့ကျင့်ခန်းအများကြီး လုပ်နိုင်တာ အရမ်းအရေးပါတယ်။ သူ့ရဲ့ရမ်သမ် ပျောက်ဆုံးသွားတယ်လို့ မထင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်တွင် ၁၀ ဂိုးသွင်းထားသလို ၃၁ ဂိုးဖြင့် ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။