ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး 2026 ကျင်းပခဲ့

ရန်ကုန်မြို့ lotte Hotel တွင် ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး 2026 ကို ဧပြီ ၄ ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဆန်စပါးလုပ်ငန်းနှင့်သက်ဆိုင်သည့် လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတတ်ရောက်ခဲ့ကြသည်။

ယနေ့ ဆန်လုပ်ငန်းကဏ္ဍသည် ရာသီဥတုပြောင်းလဲမှု၊ ထုတ်လုပ်ရေးစရိတ်မြင့်တက်မှု၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုနှင့် စျေးကွက်မတည်ငြိမ်မှုများကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ၊ ယင်းပြဿနာများသည် တစ်နိုင်ငံတည်းအတွက်သာ မဟုတ်ဘဲ ASEAN ဒေသတစ်လျှောက် မျှဝေခံစားနေရသည့် စိန်ခေါ်မှုများဖြစ်သည်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်ကပြောသည်။

ထို့ကြောင့် ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အတွေ့အကြုံများ မျှဝေခြင်း၊ လက်တွေ့ဖြေရှင်းချက်များ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ထို့ပြင် ဆန်သည် ကုန်ပစ္စည်းတစ်ခုသာမက အစားအသောက်လုံခြုံရေးနှင့် လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းနှင့် တိုက်ရိုက်ဆက်နွယ်နေသည့် အရေးပါသော ကဏ္ဍတခုဖြစ်ကြောင်း ထောက်ပြခဲ့သည်။

ထို့ကြောင့် စျေးကွက်နှင့် နည်းပညာဆိုင်ရာ ဆွေးနွေးမှုများအပြင် လယ်သမားများ၏ ဝင်ငွေတည်ငြိမ်မှုနှင့် ခံနိုင်ရည်အား တိုးမြှင့်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၄င်းကဆိုသည်။

အစည်းအဝေးတွင် ASEAN ဆန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်များအဖြစ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ တည်တံ့သော ဆန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးကို မြှင့်တင်ခြင်းနှင့် ဒေသတွင်း အစားအသောက်လုံခြုံရေးကို ခိုင်မာစေရန် ဆွေးနွေးခဲ့ကြသည်။

ASEAN ဆန်ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးသည် ဒေသတွင်း ဆန်ထုတ်လုပ်သူများနှင့် ကုန်သွယ်ရေးလုပ်ငန်းရှင်များအကြား ဆက်သွယ်မှု တိုးမြှင့်ရန်နှင့် ကမ္ဘာ့စျေးကွက်တွင် ASEAN ၏ အခန်းကဏ္ဍကို အားကောင်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

image