ဒဏ်ရာမှ ကောင်းမွန်လာပြီး Al Nassr အတွက် ပြန်ကစားတဲ့ပွဲတွင် ၂ ဂိုးသွင်းနိုင်ခဲ့ကာ ဂိုးတစ်ထောင်ပြည့်ရန် ၃၃ ဂိုးတည်းသာလိုတော့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် တစ်လကြာ အနားယူခဲ့ရပြီးနောက် ပြန်လည်ကစားနိုင်တဲ့ပွဲတွင် Al Nassr က အမှတ်ပေးဇယားအောက်ဆုံးမှ Al Najma အား အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းလာပါတယ်။

အသက် ၄၁ နှစ်ရှိ Al Nassr အသင်းခေါင်းဆောင်ဟာ ၅-၂ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ ဒုတိယပိုင်းတွင် ၂ ဂိုးသွင်းလာတာ ဖြစ်ပြီး လိဂ်ပွဲ ၂၃ ပွဲကစားထားရာမှာ ၂၃ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဖေဖော်ဝါရီလတုန်းက တံကောက်ကြောဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေမှုကြောင့် စပိန်သို့ သွားရောက် ကုသမှု ပြုလုပ်ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့် ယူနိုက်တက်စူပါစတားဟောင်းဟာ Al Nsssr ရဲ့ လိဂ်ပွဲ ၂ ပွဲအပြင် ပေါ်တူဂီရဲ့ အမေရိကန်၊ မက္ကဆီကိုတို့နှင့် ခြေစမ်းပွဲစဉ်များကို လွဲချော်ခဲ့ပါတယ်။

လိဂ်ပွဲ ၂၇ ပွဲတွင် နိုင်ပွဲ ၁ ပွဲတည်းသာ ရရှိကာ အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်နေတဲ့ Al Najma ဟာ ယခုပွဲစဉ်တွင် ၄၄ မိနစ်မှာ ရာကန်အယ်တူလေဟီရဲ့ ဂိုးဖြင့် ပွဲကို အမှတ်မထင် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပထမပိုင်းအချိန်ပိုတွင် အယ်ဟမ်ဒန်နှင့် မာနေးတို့က ဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာပင် Al Nassr တို့ ၂-၁ ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

၄၇ မိနစ်မှာ Al Najma ဟာ ကော်ဒိုဆိုရဲ့ ဂိုးဖြင့် ပြန်လည်ချေပနိုင်ခဲ့ပေမယ့်လည်း ၅၆ မိနစ်မှာ ခရစ္စတီယာနိုရော်နယ်ဒိုက ပင်နယ်တီမှတဆင့် ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက်မှာတော့ ရော်နယ်ဒိုနှင့် မာနေးတို့က ၂ ဂိုးမြောက်ဂိုးတွေကို ကိုယ်စီသွင်းခဲ့မှုနှင့်အတူ ၅-၂ ဖြင့် အနိုင်ရခဲ့ပါတယ်။

Al Nassr ဟာ ဆော်ဒီပရိုလိဂ် ၁၃ ပွဲဆက် နိုင်ပွဲ ရရှိလာတာ ဖြစ်ပြီး ဒုတိယနေရာမှ Al Hilal ကို ၆ မှတ်ဖြတ်ထားနိုင်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al Najma နှင့်ပွဲတွင် ၂ ဂိုးသွင်းပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၉၆၇ ဂိုးရှိလာခဲ့ပြီ ဖြစ်ကာ ဂိုးတစ်ထောင်ပြည့် ရည်မှန်းချက်ပြည့်ရန်အတွက် ၃၃ ဂိုးတည်းသာ လိုတော့ပြီ ဖြစ်ပါတယ်။

image