ပေါင် ၄ သိန်းရရှိနေတဲ့ Match of the Day အစီအစဉ်မှ ထွက်ခွာကာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာတော့မယ့် ဝိန်းရွန်းနီ
==================
အင်္ဂလန်စတားဟောင်းနှင့် ဘောလုံးဝေဖန်ရေးသမားဝိန်းရွန်းနီဟာ လာမယ့်ရာသီတွင် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာရန် အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
ဝိန်းရွန်းနီဟာ သောကြာနေ့တုန်းက နေအိမ်တွင် ကျင်းပတဲ့ ဇနီးသည် ကောလင်းရဲ့ အသက် ၄၀ နှစ်ပြည့် မွေးနေ့ပွဲတွင် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
ယူနိုက်တက်နှင့် အဲဗာတန်တိုက်စစ်မှူးဟောင်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက ရလဒ်ဆိုးရွားမှုကြောင့် ပလိုင်းမောက်မှ ထွက်ခွာလာပြီးနောက် မီဒီယာလောကတွင် အလုပ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဘီဘီစီရဲ့ Match of the Day အစီအစဉ်တွင် တစ်နှစ်လုပ်ခ ပေါင် ၄၀၀၀၀၀ ဖြင့် အလုပ်လုပ်နေပါတယ်။
ဒါပေမယ့် ယခုအခါမှာတော့ ဝိန်းရွန်းနီဟာ ချန်ပီယံရှစ်ကလပ် (သို့မဟုတ်) လိဂ် ၁ ကလပ်တစ်ခုကို ကိုင်တွယ်ပြီး နည်းပြလောကသို့ ပြန်ဝင်လိုနေပြီ ဖြစ်ပါတယ်။
သောကြာနေ့တုန်းက ကျင်းပတဲ့ ကောလင်းရဲ့ မွေးနေ့ပွဲသို့ ဆာဒေးဗစ်ဘက်ဟမ်းနှင့် ဇနီးသည်ဗစ်တိုးရီးယားဘက်ဟမ်းတို့ တက်ရောက်ခဲ့သလို ကစားဖော်ဟောင်းများဖြစ်ကြတဲ့ ရိုင်ယန်ဂစ်၊ ပေါလ်စခိုး၊ ဒါရင်းဖလက်ချာ၊ ပီတာခရော့ချ်နှင့် ဇနီးသည်အက်ဘေကလင်စီ၊ ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ ဧည့်သည်အချို့တို့မှာလည်း ဟယ်လီကော်ပတာဖြင့် လာရောက်ခဲ့ကြကြောင်း သိရပါတယ်။
အင်္ဂလန်အတွက် ပွဲ ၁၂၀ ကစားခဲ့ရာမှာ ၅၃ ဂိုးသွင်းနိုင်ခဲ့တဲ့ ဝိန်းရွန်းနီဟာ ဒါဘီကောင်တီ၊ ဒီစီယူနိုက်တက်၊ ဘာမင်ဂမ်နှင့် ပလိုင်းမောက်တို့အား ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်တဲ့ နည်းပြဘဝနှင့် အလှမ်းဝေးနေဆဲလည်း ဖြစ်ပါတယ်။