ရာသီအကုန်တွင် နယူးကာဆယ်မှ ထွက်ခွာမယ်လို့ ကီရန်ထရစ်ပီယာကြေညာလာ
====================
နယူးကာဆယ်စတားကီရန်ထရစ်ပီယာက ရာသီအကုန်တွင် လေးနှစ်ခွဲကြာ ကစားလာခဲ့တဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာလာပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အက်သလက်တီကိုမှ ပြောင်းလာပြီးနောက် နယူးကာဆယ်အား ကွင်းတွင်း ကွင်းပြင် များစွာ ပြောင်းလဲရာတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ နယူးကာဆယ်သို့ ရောက်စဉ်တုန်းက ကလပ်မှာ တန်းဆင်းဇုန်အတွင်း ရပ်တည်နေခဲ့တာ ဖြစ်ပြီး တန်းမဆင်းရအောင် ကူညီခဲ့သလို နောက်ဆုံး ၃ ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ၂ ကြိမ် ကူညီခဲ့ပါတယ်။

ညာနောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်တုန်းက ခါရာဘောင်ဖလား ဆွတ်ခူးနိုင်အောင် ကူညီကာ နှစ် ၇၀ ကြာ ပြည်တွင်းဖလားနှင့် ဝေးကွာနေမှုကိုလည်း အဆုံးသတ်ပေးခဲ့သူ ဖြစ်ပါတယ်။

အင်္ဂလန်အတွက် ၅၄ ပွဲကစားထားတဲ့ ထရစ်ပီယာဟာ ရာသီသိမ်းရန် ၇ ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်မှာတော့ ထွက်ခွာလာတော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ထရစ်ပီယာက "လေးနှစ်ခွဲကြာ ကစားပြီးတဲ့နောက် ဒီအံ့ဩစရာကောင်းတဲ့ကလပ်ကနေ ထွက်ခွာရမယ့်အချိန် ကျရောက်လာပြီ ဖြစ်ပါတယ်။ ဒီနေရာက ကိုယ်အိမ်ကိုယ့်ယာလို ခံစားရတဲ့နေရာပါ။ တကယ်ဘဲ လွမ်းနေပါတော့မယ်။ ဆိုးရွားတဲ့ကာလတွေမှာရော ကောင်းတဲ့ကာလတွေမှာရော အားပေးခဲ့ကြတဲ့ ပရိသတ်‌တွေကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်ဘက်က အမြဲရပ်တည်ပြီး အားပေးလာခဲ့ကြတာပါ။ ကစားဖော်တွေကို နှုတ်ဆက်ရတာ ဝမ်းနည်းစရာဖြစ်လာမှာပါ။ မင်းတို့နဲ့အတူ သွားခဲ့တဲ့ ဒီခရီးက အံ့ဩစရာကောင်းခဲ့တယ်။ သတိနေမှာပါ။ ဒါပေမယ့် မင်းတို့နဲ့အတူ ဆုဖလားတစ်လုံး ရရှိခဲ့တဲ့အတွက် ကျွန်တော့်ကစားသမားဘဝအတွက် တကယ့်ကို စပါယ်ရှယ်ပါ"လို့ ပြောကြားသွားပါတယ်။

image