ဂျက်ဂရဲလ်လစ်ရှ်ကို တောင်းဆိုဈေး ပေါင်သန်း ၅၀ ထက်လျှော့ဈေးဖြင့် ခေါ်ယူနိုင်ရန် အဲဗာတန်မျှော်လင့်နေ
=====================
အဲဗာတန်ဟာ ဂျက်ဂရဲလ်လစ်ရှ်ကို အပြီးသတ် ဝယ်ယူရေး ကြိုးပမ်းလာမှာ ဖြစ်ပေမယ့်လည်း မန်စီးတီးဘက်က တောင်းဆိုကြေး ပေါင်သန်း ၅၀ ထက်လျှော့နည်းတဲ့ ဈေးဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်နေပါတယ်။
အဲဗာတန်ဟာ နွေရာသီတုန်းက ဂျက်ဂရဲလ်လစ်ရှ်ကို တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပြီး အငှားစာချုပ်အတွင်းတွင် နွေရာသီမှာ ပေါင်သန်း ၅၀ ဖြင့် အပြီးသတ်ခေါ်ယူမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။
သူဟာ အဲဗာတန်သို့ အငှားဖြင့် ရောက်လာပြီးနောက် အကောင်းဆုံးပုံစံပြန်လည် ရရှိကာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ဇန်နဝါရီလတုန်းက အရိုးအက်ဒဏ်ရာရရှိခဲ့ကာ အနားယူနေပါတယ်။
အဲဗာတန်ဟာ ဂျက်ဂရဲလ်လစ်ရှ်ကို အပြီးသတ် ခေါ်ယူလိုပေမယ့်လည်း စာချုပ်ထဲကအတိုင်း ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူလိုခြင်း မရှိပါဘူး။ အဲဗာတန်ဟာ မန်စီးတီးနှင့် ၁၂ လစာချုပ်သာ ကျန်တော့တဲ့ ဂျက်ဂရဲလ်လစ်ရ်အား ပေါင် ၂၀ သန်းလျှော့နည်းကာ ပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ရေး မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
တဖက်တွင် မန်စီးတီးဟာ ဂျက်ဂရဲလ်လစ်ရှ်ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ကလည်း အပြီးသတ် ခေါ်ယူရေး ဆွေးနွေးမှုတွင် အဓိက အခက်အခဲ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။
အဲဗာတန်ဟာ ကွင်းသစ်သို့ ပြောင်းပြီးနောက် ဘဏ္ဍာရေးပိုင်း အခြေအနေကောင်းလာပေမယ့် ယင်းလုပ်ခအား တတ်နိုင်ခြင်း မရှိပါဘူး။
ဂျက်ဂရဲလ်လစ်ရှ်ဟာ ယခုရာသီတွင် အဲဗာတန်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၂ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၆ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။
သဟာ အဝတ်အစားလဲခန်းတွင် ကစားဖော်များရဲ့ ချစ်ခြင်းရရှိနေသလို ကလပ်ရဲ့ ပရဟိတလုပ်ငန်းများတွင်လည်း ရှေ့တန်းမှ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။