မြစ်ကြီးနားမြို့ကို ဧပြီ ၄ ရက်မှစ၍ ပြည်တွင်းလေ ကြောင်းလိုင်းများပြန်လည်ပြေးဆွဲမည်
ယာယီပိတ်ထားသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်သို့ ပြည်တွင်းလေကြောင်းလိုင်းများမှ ဧပြီ ၄ ရက်မှစတင်၍ ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပူတာအိုမြို့ရှိ ပူတာအိုလေဆိပ်သို့လည်း ဧပြီ ၅ ရက်မှစတင်၍ ပြည်တွင်းလေကြောင်းလိုင်းများမှ ပြန် လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မတ် ၂၅ ရက်မှစတင်၍လည်း ပြည်တွင်းခရီး စဉ်များအနက် ဦးစားပေးပြေးဆွဲရန်စီစဉ်ထားသော ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်းမြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များသို့လည်း ပြည်တွင်းလေကြောင်းလိုင်းများက ပြန်လည်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသများကို ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းတို့က ပျံသန်းပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။