6 ရက် - ဘာသာပြန်ပါ။

ဒီ​နေ့ပြန်ဖွင့်တဲ့ မြဝတီ - ကော့ကရိတ် - ဘားအံ အာရှလမ်းမကြီးမှာ ကား​​​သေးတွေ အတားအဆီး အစစ်ဆေးမရှိ

နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း - မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြဝတီ - ကော့ကရိတ် - ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့မနက်ပိုင်းကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီးခရီးသည်တင်ကားတွေကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့်မပြုသေးဘူးလို့ သိရပါတယ် ။

ဒီကနေ့မနက် အာရှလမ်းမကြီးကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က " အာရှလမ်းဖွင့်ပါပြီ။ အားလုံးအေးအေးဆေးဆေးပါပဲ ။ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေကြတယ်။ အိမ်စီးကားတွေ ၊ ခရီးသည်တင်ကား တွေတော်တော်လေးတွေ့ရတယ်။ ကုန်ကားတွေကတော့ ပေးမဖြတ်ပါဘူး။ သွင်းကုန်လိုင်စင်မှချမပေးသေးတာ ။ အမှတ်၂တံတားကလည်းမဖွင့်သေးဘူးလေ။ အခုက ကုန်ကားတွေက တောလမ်းကပဲသွားလို့ရတာ ။ " လို့ ပြောပါတယ်။

အာရှလမ်းမကြီး သွားလာခွင့် ရရှိပြီဖြစ်တဲ့အတွက် မြဝတီကနေ ဘားအံကို အချိန် ၂ နာရီကျော်နဲ့ သွားလာနိုင်ပြီဖြစ်လို့ လူနာတင်ယာဥ်တွေ ၊ ဒေသတွင်းသွားလာမှု ၊ ဒေသတွင်း ကုန်စည်စီးဆင်းမှု အရင်ကထက်ပိုပြီး မြန်ဆန်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

" ဒီနေ့တော့ လမ်းပိုင်းမှာဘာမှ အတားအဆီးမရှိ သွားလို့ရခဲ့ပါတယ်။ မြဝတီကနေ ကော့ကရိတ်အထိကို ဝှစ်သောက်ကားဆိုင်ကယ် အတားဆီး အစစ်ဆေးမရှိပါဘူး။ ဆိုင်ကယ်၊ကား အစီးရာနဲ့ချီ သွားလာနေတာလည်း တွေ့ရပါတယ်။ " လို့ မြဝတီကနေ ကော့ကရိတ်အထိ သွားလာခဲ့သူ တယောက်က ပြောပါတယ် ။

အာရှလမ်းမကြီး ဖွင့်လှစ်ပြီးနောက် မကြာမီကာလမှာ တောလမ်းတွေ ဖြစ်တဲ့ ကြက်ဥတောင် ၊ ထို့ကော်ကိုး ၊ ၁၀၁၈ လမ်းတွေကို သွားလာဖြတ်သန်းခွင့် ပိတ်မယ့် အခြေအနေရှိတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်တဲ့အနေနဲ့ တောလမ်းတွေကို သွားလာခွင့်ပိတ်မှာဖြစ်ကြောင်း ၊ တရားဝင်ကုန်သွယ်ခွင့်ရရှိဖို့အရေးအတွက်ကိုတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ပြန်ဖွင့်ဖို့အတွက် လက်ရှိမှာ နှစ်နိုင်ငံ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

" အဲဒီလမ်းတွေကနေ သွားတဲ့ကုန်ကားတွေဆောင်ရတဲ့ လမ်းကြေးတွေက နိုင်ငံတော်ကလည်းမရဘူး ။ တရားမဝင်ကုန်စည် စီးဆင်းမှုကို ပပျောက်အောင်လုပ်တဲ့အနေနဲ့ ဒီလမ်းတွေကို ပိတ်မယ့်သဘောရှိတယ်။ ဒါတွေအကုန်လုံးလုပ်ပြီးမယ်၊ နယ်စပ်က ဌာနဆိုင်ရာ ရုံးတွေမှာ ဝန်ထမ်းတွေအကုန်ပြန်ထိုင်နိုင်မယ် ၊ လုပ်ငန်းလည်ပတ်နိုင်မယ် ၊ နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ပြီဆိုရင် အမှတ်၂ တံတားလည်း ပြန်ဖွင့်မှာပါ။ ထိုင်းဘက်ကလည်း မကြာခင်ပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်။ တံတားပိတ်ထားတဲ့အတွက် ဘီလီယံ ချီပြီးဆုံးရှုံးမှုရှိတယ်လို့ ပြောထားတာရှိတယ်။ " လို့ မြဝတီဒေသခံက ပြောပါတယ် ။

လက်ရှိမှာတော့ ကုန်ကားတွေဟာ တောလမ်းဖြစ်တဲ့ ကြက်ဥတောင်၊ထို့ကော်ကိုး၊၁၀၁၈လမ်းကနေ သွားလာနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မြဝတီအာရှလမ်းမကြီးကို PDF ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ်မှာ စတင်ထိန်းချုပ်ခဲ့ပြီး လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ခဲ့ပါတယ်။ ဒါကြောင့် ဒေသခံနဲ့ ပြည်သူတွေဟာ တောလမ်းနဲ့တောင်ပေါ်လမ်းဟောင်းကိုသာ အသုံးပြုပြီး သွားလာခဲ့ ကြရတာဖြစ် ပါတယ်။

၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ ၆ ရက်မှာ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး အစိုးရတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းပိုင်းရှိ ပျက်စီးတံတားတွေကို ပြုပြင်ခြင်း ၊ လမ်းပိုင်းရှင်းလင်းရေးဆောင်ရွက်ခြင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တာဖြစ် ပါ တယ်။

image