သင်္ကြန်ရုံးပိတ်ရက်မှာ အထူးရထားပြေးဆွဲပြီး အကြိုကနေ အတက်နေ့အထိကိုတော့ မြို့ပတ်ရထားအပါ ရထားတချို့ ရပ်ထားမယ်
သင်္ကြန်ရုံးပိတ်ရက်မှာ ခရီးသွားပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွား လာနိုင်ရန်အတွက် အထူးရထား တိုးချဲ့ပြေးဆွဲပေးမှာဖြစ် ပြီး သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်းမှာတော့ ရထားခရီးစဥ် တချို့ကို ရပ်နားထားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား ဌာနမှသိရပါတယ်။
အထူးရထားက ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ကို တိုးချဲ့ပြေးဆွဲ ပေးသွားမှာဖြစ်ပြီး လက်မှတ်ခ နှုန်းထားနဲ့ ရပ်တန့်မယ့် ဘူတာတွေကတော့ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေတဲ့ ရထားခရီးစဥ်တွေ အတိုင်းဖြစ်တယ်လို့ သိရပါတယ်။
ရထားလက်မှတ်ခကို သတ်မှတ်နူန်းထားထက်ပိုပေးပြီး ဝယ်ယူရတဲ့ကိစ္စတွေကြုံရပါက သက်ဆိုင်ရာ မီးရထားဌာနတာဝန်ရှိသူတွေကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ် ။
" လက်မှတ်ခတွေက ပုံမှန်နူန်းထားပါပဲ။ဘယ်နေရာမှာဖြစ်လဲ ၊ ဘာတွေဖြစ်လဲ ၊တိုင်ကြားနိုင်ပါတယ်ဆိုတဲ့ ဖုန်းနံပါတ် ရှိတယ်။ကိုယ်တို့ဆီတက်လာတယ်ဆိုရင် ဖြေရှင်းပေးမှာပါ။ ဘူတာတိုင်းမှာ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေရှိပါတယ်။ သက်ဆိုင်ရာတိုင်းတွေမှာလည်း တိုင်းမန်နေဂျာတွေရှိပါတယ်။ တိုင်းမန်နေဂျာတွေက ဘာမှလုပ်မပေးဘူးဆိုရင် ရုံးချုပ်အဆင့်ကိုလည်း တိုင်လို့ရပါတယ်။ အထောက်အထားပြောပြမှ ရှင်းပေးမှာ ။ " မြန်မာ့မီးရထား ဌာနရုံးချုပ်၊ ရထားလက်မှတ်ပိုင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူက ပြောပါတယ် ။
ရန်ကုန် - နေပြည်တော် နဲ့ ရန်ကုန် - ပြည် အထူးရထားကိုတော့ ဧပြီ ၁၀ ရက်ကနေ ၁၂ ရက် နဲ့ ဧပြီ ၁၉ ၊ ၂၀ ရက်တွေမှာ ပြေးဆွဲပေးသွားမှာ ဖြစ်ပြီး ရန်ကုန် - မော်လမြိုင် အဆန်အထူးရထားက ဧပြီ ၁၀၊ ၁၁၊ ၁၂ ရက်နဲ့ ၁၉၊ ၂၀ ရက်မှာ ပြေးဆွဲပြီး မော်လမြိုင် - ရန်ကုန် အစုန်အထူး လေအိတ် ရထားကတော့ ဧပြီ ၁၁၊ ၁၂ ရက် နဲ့ ၁၉၊၂၀၊ ၂၁ ရက်တွေမှာ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန်လမ်းပိုင်းအတွက် အထက်တန်းလက်မှတ်ကို ၃ ရက်ကြိုဖြတ်နိုင်ပြီး ရိုးရိုးတန်းလက်မှတ်ကို ၁ ရက်ကြိုပြီး သက်ဆိုင်ရာ ဘူတာမှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ် ။
ရန်ကုန်-နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွင်း ပြေးဆွဲနေတဲ့ ပုံမှန်ရထားတွေနဲ့ အထူးရထားအတွက်ကိုတော့ Online ကနေ လက်မှတ်
ကြိုဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးဘူတာတွေ အတွက် ၇ ရက် ၊ ကြားဘူတာတွက် ၃ ရက် ကြိုပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန် - နေပြည်တော် အထူးရထားကို DEMU (စပိန်) ရထား ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်-ပြည် နဲ့ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးလေအိတ်ရထားမှာတော့ အထက်တန်း ၆ တွဲ ၊ ရိုးရိုးတန်း ၈ တွဲ၊ ဘရိတ်တွဲ ၁ တွဲနဲ့ ဝန်ချိန်ပြည့်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
