ယူနိုက်တက်အတွက် မကစားတာ ခြောက်လရှိပြီဖြစ်ပေမယ့် လုပ်ခတိုးမြှင့် ရရှိလာတော့မယ့် အင်ဒရေအိုနာနာ
=====================
ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး မျှော်လင့်ချက်လင်းလက်လာမှုနှင့်အတူ အင်ဒရေအိုနာနာမှာလည်း အကျိုးခံစားခွင့် ပိုမို ရရှိလာတော့မှာ ဖြစ်ပါတယ်။

အင်ဒရေအိုနာနာဟာ တူရကီကလပ်ထရက်ဇွန်စပေါ်တွင် တစ်ရာသီအငှားဖြင့် သွားရောက် ကစားနေသူ ဖြစ်ပါတယ်။

အိုနာနာရဲ့ အငှားစာချုပ်အတွင်းတွင် တူရကီကလပ်သို့အပြီးသတ်ပြောင်းရွှေ့နိုင်မယ့် အချက် မပါဝင်ပါဘူး။

ဒါကြောင့်လည်း အေဂျက်စ်နှင့် အင်တာမီလန်ဂိုးသမားဟောင်းဟာ လာမယ့် ဇူလိုင်လမှာ အိုးထရက်ဖို့ဒ်သို့ ပြန်လာမှာလည်း ဖြစ်ပါတယ်။

အိုနာနာဟာ ၂၀၂၅-၂၆ ရာသီတွင် ယူနိုက်တက်တို့ ဥရောပဝင်ခွင့် မရရှိမှုနှင့်အတူ ထရက်ဇွန်စပေါ်သို့ အငှားဖြင့် သွားကစားနေစဉ်အတွင်း လုပ်ခလျှော့ယူထားရပါတယ်။

ဒါပေမယ့် အိုနာနာဟာ ယခုရာသီတွင် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာမည်ဆိုပါက လုပ်ခ ၂၅ ရာခိုင်နှုန်းတိုးမြှင့် ရရှိလာပါမယ်။

ယူနိုက်တက်ဟာ ကစားသမားများရဲ့ စာချုပ်အတွင်းတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရပါက လုပ်ခ ၂၅ ရာခိုင်နှုန်းလျှော့ယူရမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါကြောင့်လည်း မိုက်ကယ်ကာရစ်သာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်လာနိုင်ပါက အိုနာနာမှာ ဇူလိုင်လတွင် ယူနိုက်တက်သို့ ပြန်ရောက်လာချိန်တွင် လုပ်ခ ၂၅ ရာခိုင်နှုန်းပြန်လည်တိုးမြှင့် ခံစားခွင့် ရရှိလာပါမယ်။

ယူနိုက်တက်ဘက်က နွေရာသီတွင် အိုနာနာကို အပြီးသတ် ရောင်းချရေး ကြိုးပမ်းလာမှာ ဖြစ်ပေမယ့် ကစားသမားဘက်ကတော့ အသင်းတွင် ဆက်ကစားကာ နေရာအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

ဒါ့အပြင် အိုနာနာရဲ့ လုပ်ခတိုးမြှင့် ရရှိလာမှုနှင့်အတူ သူ့ကို ခေါ်ယူရေး ကလပ်များ လက်ရှောင်လာမှာကိုလည်း ယူနိုက်တက်ဘက်က စိုးရိမ်နေပါတယ်။

ယူနိုက်တက်ဟာ အိုနာနာအား အပြီးသတ် ရောင်းချရေး ကြိုးပမ်းမှု မအောင်မြင်လာပါကလည်း နောက်ထပ် အငှားချပြီး အသုံးစရိတ်ချွေတာလာနိုင်ပါတယ်။

အိုနာနာရဲ့ လက်ရှိ ယူနိုက်တက်နှင့် စာချုပ်မှာ ၂၀၂၈ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။

image