ကမ္ဘာ့ဖလားခြေစစ်ပွဲကျပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် ဘူဖွန်တို့ ရာထူးမှ နုတ်ထွက်လာ
=====================
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂါဘရီလီဂရာဗီနာဟာ အီတလီအသင်း ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ခြေစစ်ပွဲကျပြီးနောက် ရာထူးမှ နုတ်ထွက်လာပါတယ်။

ကမ္ဘာ့ဖလား ၄ ကြိမ်ချန်ပီယံဟာ အင်္ဂါနေ့တုန်းက ဘော့စနီးယားကို ပလေးအော့ဖ်ဗိုလ်လုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ခြေစစ်ပွဲ ၃ ကြိမ်ဆက် ကျခဲ့တာလည်း ဖြစ်ပါတယ်။

အီတလီဟာ ကမ္ဘာ့ဖလားသမိုင်းတွင် ၃ ကြိမ်ဆက် ခြေစစ်ပွဲကျလာတဲ့ ပထမဆုံး ချန်ပီယံဟောင်း ဖြစ်လာပါတယ်။

ဒါ့အပြင် အီတလီလက်ရွေးစင်အသင်းတွင် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂန္ထဝင်ဂိုးသမားဘူဖွန်ဟာလည်း ခြေစစ်ပွဲကျပြီးနောက် ရာထူးမှ နုတ်ထွက်ကြောင်း အင်စတာဂရမ်မှ ကြေညာသွားပါတယ်။

အီတလီနှင့်အတူ ၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဘူဖွန်က "အဓိကရည်မှန်းချက်က အီတလီကို ကမ္ဘာ့ဖလားသို့ ပြန်ပို့ဖို့ပါ။ ကျွန်တော်တို့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ ကျွန်တော့်နေရာမှာ အကောင်းဆုံးဖြစ်မယ်သူလို့ ထင်တဲ့သူကို ရွေးချယ်ဖို့ ထားခဲ့တာ မျှတပါတယ်"လို့ ပြောကြားသွားပါတယ်။

အသက် ၇၂ နှစ်ရှိ ဂရာဗီနာဟာ ကြာသပတေးနေ့တုန်းက အီတလီဘောလုံးအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်တဲ့ အစည်းအဝေးအပြီးတွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသွားခဲ့ပါတယ်။

သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားကျပြီးနောက် ရာထူးမှ နုတ်ထွက်သွားတဲ့ ကာလိုတာဗီချီယိုနေရာတွင် အစားထိုးရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂရာဗီနာ လက်ထက်တွင် အီတလီအသင်းဟာ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း ၂၀၂၂ ကမ္ဘာ့ဖလားကျခဲ့ကာ ၂ ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ဂရာဗီနာနေရာတွင် အစားထိုး ဥက္ကဌအဖြစ် ရွေးချယ်ရေးအတွက် လာမယ့် ဇွန်လ ၂၂ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပသွားပါမယ်။

အီတလီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုက ယူအီးအက်ဖ်အေက အီတလီအနေဖြင့် ဘောလုံးအခြေခံအဆောက်အဦးများအား အဆင့်မြှင့်တင်မှု မပြုလုပ်ပါက ယူရို ၂၀၃၂ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရုတ်သိမ်းခံရမယ်လို့ သတိပေးခြင်းခံထားရတာ ဖြစ်ပါတယ်။

အီတလီဟာ ယူရို ၂၀၃၂ ပြိုင်ပွဲကို တူရကီနှင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားပေမယ့် ကွင်းများမှာ ခေတ်မီခြင်း မရှိတော့ပါဘူး။ ကလပ်အများစုမှာ ဒေသတွင်း အာဏာပိုင်များနှင့် သဘောထားမတိုက်ဆိုင်မှု ဖြစ်ကာ ကွင်းများကို အဆင့်မြှင့်တင်နိုင်ခြင်း မရှိပါဘူး။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ ယူရို ၂၀၃၂ ပြိုင်ပွဲအား လက်ခံကျင်းပမယ့် ကွင်း ၅ ကွင်းအား အောက်တိုဘာလနောက်ဆုံးထား တင်ပြရပါမယ်။

image