မေဆင်ဂရင်းဝုဒ်မှတ်ချက်အတွက် ပရိသတ်များကို တောင်းပန်လာတဲ့ ဒီဇာဘီ
======================
စပါးစ်နည်းပြသစ်ရောဘတ်တိုဒီဇာဘီဟာ မေဆင်ဂရင်းဝုဒ်နှင့်ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ ၎င်းရဲ့မှတ်ချက်များအတွက် ပရိသတ်များကို တောင်းပန်မှု ပြုလုပ်လာပါတယ်။

အီတလီလူမျိုးနည်းပြဟာ စပါးစ်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပေမယ့်လည်း မာဆေးအသင်းကို ကိုင်တွယ်စဉ်တုန်းက ယူနိုက်တက်ကစားသမားဟောင်းမေဆင်ဂရင်းဝုဒ်နှင့်ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ စကားအတွက် စပါးစ်ပရိသတ်အဖွဲ့အချို့ရဲ့ ကန့်ကွက်ခြင်းခံနေရပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ်တုန်းက ဗလက္ကာယပြုကျင့်ရန် ကြိုးပမ်းမှု၊ ထိန်းချုပ်မှု၊ ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှုတို့အတွက် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့ပါတယ်။

ရောဘတ်တိုဒီဇာဘီဟာ မေဆင်ဂရင်းဝုဒ်ကို မာဆေးသို့ ခေါ်ယူခဲ့တဲအပြင် ၂၀၂၅ ခုနှစ်တုန်းက ယူနိုက်တက်စတားဟောင်းမှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ဖူးပါတယ်၊

ယခုအခါမှာတော့ ဘရိုက်တန်နည်းပြဟောင်းက "အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပြဿနာကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့သလို ဘယ်သူ့ကိုမဆို အကြမ်းဖက်မှုအပေါ်မှာလည်း လျှော့မတွက်ပါဘူး။ ကျွန်တော် အဆက်မပြတ်တိုက်ပွဲဝင်ခဲ့သလို အန္တရာယ်အပေးခံရဆုံးသူတွေဘက်က ရပ်တည်လာခဲ့တာပါ။ ကျွန်တော်က ပွဲတွေအနိုင်ရဖို့ ဆုဖလားရဖို့ ညှိနှိုင်းနေတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော့်အကြောင်း ကောင်းကောင်းသိတဲ့သူတွေ သိပါတယ်။ ကျွန်တော့်စကားက တစ်ယောက်ယောက်ရဲ့ ခံစားချက်ကို ထိခိုက်စေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်။ ကျွန်တော့်မှာလည်း သမီးရှိပါတယ်။ ဒီကိစ္စက အရမ်းထိခိုက်လွယ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ရောဘတ်တိုဒီဇာဘီဟာ တနင်္ဂနွေနေ့တုန်းက ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့ အိုင်ဂေါ်ကျူဒေါ်နေရာမှာ ၅ နှစ်စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေကာ တန်းဆင်းဇုန်နှင့် ၁ မှတ်အကွာတွင် ရပ်တည်နေပါတယ်။

image