နွေရာသီတွင် အက်စတွန်ဗီလာမှ ထွက်ခွာရန် တံခါးဖွင့်ပေးလာတဲ့ မော်ဂန်ရိုဂျာ
====================
မော်ဂန်ရိုဂျာဟာ နွေရာသီတွင် အက်စတွန်ဗီလာမှ ထွက်ခွာရန် တံခါးဖွင့်ပေးလာပါတယ်။ ယင်းသို့ ကစားသမားဘက်က အသင်းပြောင်းရေး တံခါးဖွင့်ပေးလာမှုနှင့်အတူ ချဲလ်ဆီး၊ လီဗာပူး၊ အာဆင်နယ်နှင့် ယူနိုက်တက်တို့လည်း အလယ်တန်းကစားသမားအား ခေါ်ယူရေး ကြိုးပမ်းလာကြဖို့ ရှိပါတယ်။
အသက် ၂၃ နှစ်ရှိ အလယ်တန်းကစားသမားရိုဂျာဟာ အလယ်တန်းတိုက်စစ်တွင်သာမက တောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်စွမ်းရှိသူ ဖြစ်ပြီး သောမတ်စ်တူချယ်လက်ထက်တွင် အင်္ဂလန်အသင်းရဲ့အရေးပါတဲ့ ကစားသမားအဖြစ် ကစားခွင့် ရနေသူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၄ ဂိုးသွင်းပြီး ၁၅ ကြိမ်အထိ ဖန်တီးမှု ပြုလုပ်နိုင်ပြီးနောက် ဗီလာရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစာသမားဆုအား ဆွတ်ခူးခဲ့သလို PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစာသမားဆုတို့ကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ဗီလာနှင့် အတူ ဆက်လက်ခြေစွမ်းပြနေကာ ပရီးမီးယားလိဂ်တွင် ၈ ဂိုးအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၁၀ ဂိုးအထိ သွင်းထားနိုင်မှုကြောင့် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
ဗီလာဟာ အသင်းနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ရိုဂျာကို ဆက်လက် ထိန်းထားလိုပေမယ့်လည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက ဆက်လက်ထိန်းထားရေး ခက်ခဲလာပါမယ်။
တဖက်တွင် ဗီလာဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေလည်း ထိခိုက်လာမှာ ဖြစ်လို့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရှိလာပါက ရိုဂျာကို ရောင်းချလာဖို့ ရှိနေပါတယ်။