ရာသီအဆုံးအဖြတ်ပွဲစဉ်များမတိုင်မီ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ လေ့ကျင့်ခန်းဆင်းလာနိုင်တဲ့ အီဆက်ခ်
======================
အလက်ဇန္ဒားအီဆက်ခ်ဟာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့တွင် လီဗာပူးနှင့်အတူ အပြည့်အဝ လေ့ကျင့်ခန်းဆင်းလာနိုင်ခဲ့ပါတယ်။
အလက်ဇန္ဒားအီဆက်ခ် အပြည့်အဝ လေ့ကျင့်ခန်းဆင်းလာနိုင်မှုက စနေနေ့တွင် မန်စီးတီးအား အဝေးကွင်းသို့ သွားရောက်ကစားရမယ့် အပြင် ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ပွဲ ကစားရန် ရှိနေတဲ့ အန်းဆလော့ရဲ့ လီဗာပူးအတွက် သတင်းကောင်း ဖြစ်နေပါတယ်။
အီဆက်ခ်ဟာ ခရစ္စမတ်မတိုင်မီ စပါးစ်အား အနိုင်ရတဲ့ပွဲတွင် အရိုးအက်ဒဏ်ရာရရှိပြီးနောက် အနားယူလာခဲ့ရတာ ဖြစ်ပြီး ယခုအခါ ဒဏ်ရာမှ လုံးဝ ပျောက်ကင်းကာ အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်ပြီလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အန်းဆလော့ဟာ ဆွီဒင်တိုက်စစ်မှူးအား ပွဲထွက်ကစားသမားအဖြစ် အလျှင်စလို အသုံးပြုလာဖို့ မရှိဘဲ ပွဲချိန်အနည်းငယ်စီ ကစားစေပြီး ကြံ့ခိုင်မှုပြည့်ဝရေး လုပ်ဆောင်လာဖို့ ရှိနေပါတယ်။
အလက်ဇန္ဒားအီဆက်ခ်ဟာ နွေရာသီတုန်းက နယူးကာဆယ်မှ လီဗာပူးသို့ ဗြိတိန်စံချိန်တင်း ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ပြောင်းလာပြီးနောက် ပထမဆုံးရာသီတွင် ၁၆ ပွဲကစားထားရာမှာ ၃ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။
သူဟာ လီဗာပူးသို့ မပြောင်းမီ အသင်းပြောင်းခွင့် ရရေးအတွက် နယူးကာဆယ်တွင် လေ့ကျင့်ခန်းမဆင်းဘဲ သပိတ်မှောက်ခဲ့မှုကြောင့် ပွဲကစားရေး ကြံ့ခိုင်မှုပြည့်ဝရန် အချိန်များစွာ ယူခဲ့ရတာလည်း ဖြစ်ပါတယ်။
တဖက်တွင် လီဗာပူးဟာ မန်စီးတီးနှင့်ပွဲတွင် အဓိကဂိုးသမားအလစ်ဆင် မပါဝင်ဘဲ ကစားရမှာ ဖြစ်ပေမယ့် ပေါင်ခြံဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ မိုဟာမက်ဆာလက်ကတော့ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။
ဒါ့အပြင် ယခုအပတ် နယ်သာလန်အတွက် ကစားစဉ် ဒဏ်ရာရရှိခဲ့တဲ့ ညာနောက်ခံလူဂျီရီမီဖရမ်းပေါင်မှာလည်း မန်စီးတီးနှင့်ပွဲတွင် ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။