ဖီးလ်ဖိုဒန်မှာ ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်ရန် အာမခံချက် မရှိကြောင်း တူချယ် ဖွင့်ဟလာ
==================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ဖီးလ်ဖိုဒန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရရန် အာမခံချက် မရှိကြောင်း ပြောကြားလာပါတယ်။
အသက် ၂၅ နှစ်ရှိ မန်စီးတီးအလယ်တန်းကစားသမားဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ၂၄ ဦး အပြီးသတ် လူစာရင်း မရွေးမီ နောက်ဆုံးကစားတဲ့ နိုင်ငံတကာခြေစမ်းပွဲ ၂ ပွဲလုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ အင်္ဂါနေ့တုန်းက ဂျပန်ကို ရှုံးနိမ့်တဲ့ပွဲတွင် ဟယ်ရီကိန်း မပါဝင်မှုကြောင့် False Nine အဖြစ် ကစားတဲ့ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။
သောမတ်စ်တူချယ်က "သူ ပါဝင်လာမယ်လို့ အာမခံချက် မရှိပါဘူး။ ပြီးတော့ သူက နောက်ပိုင်းပွဲတွေမှာ မန်စီးတီးမှာ များများစားစား ကစားခွင့်မရဘူး။ နောက်တော့ လေ့ကျင့်ရေးစခန်းသို့ အတောက်ပဆုံးအပြုံးတွေနဲ့ ရောက်လာတယ်၊ ကောင်းကောင်းလေ့ကျင့်တယ်။ ကျွန်တော်တို့ကို အံ့ဩသင့်အောင် လုပ်နိုင်မယ်လို့ ထင်ခဲ့တာ။ တူညီတဲ့ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ ကစားနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အပြည့်အဝ လုပ်ပြဖို့ ရုန်းခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။
သောမတ်စ်တူချယ်ဟာ မေလ ၃၀ ရက်နေ့တွင် နောက်ဆုံးထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းကို ရွေးချယ်ရပါမယ်။
ဖိုဒန်ဟာ ဂျပန်နှင့်ပွဲတွင် False Nine အဖြစ် ပွဲထွက်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်မှုကြောင့် ၅၉ မိနစ်တွင် ဆိုလန်ကီနှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။