အမျိုးသမီးအသင်းနှင့် ပရိသတ် ၄၀၀၀၀ ဆန့် ကွင်းကို ကိုယ့်ကိုယ်ကို ပြန်ရောင်းပြီး ငွေဖြည့်တင်းလာတဲ့ ပရီးမီးယားလိဂ်ကလပ်
========================
အဲဗာတန်ဟာ အမျိုးသမီးအသင်းနှင့် ကွင်းဟောင်းတို့အား ကိုယ့်ကိုယ်ကို ရောင်းချကာ အသင်းရဲ့ ဘဏ္ဍာရေးအား ဖြည့်တင်းမှု ပြုလုပ်လာပါတယ်။
အဲဗာတန်ဟာ ဂူဒီဆင်ပါ့ခ်နှင့် အမျိုးသမီးစူပါလိဂ်အမှတ်ပေးဇယားအလယ်ပိုင်းတွင် ရပ်တည်နေတဲ့ အမျိုးသမီးအသင်းတို့အား ပေါင်သန်း ၅၀ နီးပါးဖြင့် ရောင်းချလာတာပါ။
အဲဗာတန်ရဲ့ ၂၀၂၅ ခုနှစ်ဘဏ္ဍာရေးအချက်အလက်များအရ Roundhouse Capital Holdings Ltd ကို ပေါင် ၄၉.၂ သန်းဖြင့် ရောင်းချလာတာလည်း ဖြစ်ပါတယ်။
ယင်းအုပ်စုက အဲဗာတန်အသင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက ဝယ်ယူခဲ့တဲ့ The Friedkin Group (TFG) နှင့် တစ်အုပ်စုတည်း ဖြစ်ပါတယ်။
အဲဗာတန်က ဘဏ္ဍာရေးတောင့်တင်းအောင် လုပ်ဆောင်လာတဲ့ တစ်သင်းတည်းသော အသင်းမဟုတ်ပါဘူး။
နယူးကာဆယ်ဟာလည်း စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းကို ကိုယ့်ကိုယ်ကို ပြန်ရောင်းအား ဘဏ္ဍာရေးဖြည့်တင်းမှု ပြုလုပ်ထားပါတယ်။
၎င်းတို့မတိုင်မီ ချဲလ်ဆီးနှင့် ဗီလာတို့ဟာလည်း အမျိုးသမီးအသင်းကို အသင်းပိုင်ရှင်ထံ ရောင်းချပြီး သီးသန့်စီမံခန့်ခွဲမှု ပြုလုပ်ထားပါတယ်။
ချဲလ်ဆီးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းနှင့် ကိုက်ညီစေရေးအတွက် အသင်းပိုင် ဟိုတယ်ကို အသင်းပိုင်ရှင်ထံ ရောင်းချဖူးပါတယ်။
အဲဗာတန်ဟာ ယခင်ပိုင်ရှင်ဖာရက်မိုရှီရီလက်အောက်မှာတုန်းက ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်မှုကြောင့် ရမှတ်လျှော့ခံရဖူးတဲ့ကလပ် ဖြစ်ပါတယ်။
၎င်းတို့ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ တစ်နှစ်တာအတွင်းတွင် ပေါင် ၈.၆ သန်း အရှုံးပေါ်ခဲ့ပါတယ်။
အဲဗာတန်ဟာ အမျိုးသမီးအသင်းနှင့် ကွင်းတို့အား ရောင်းချလိုက်မှုကြောင့် အရှုံးနည်းပါးလာတာ ဖြစ်ပြီး ယမန်တစ်နှစ်တုန်းက ပေါင် ၅၃.၂ သန်းအထိ အရှုံးပေါ်ခဲ့တာပါ။
အဲဗာတန်အမျိုးသမီးအသင်းဟာ ၂၀၂၄-၂၅ ရာသီအပြီးကတည်းက ပရိသတ် ၄၀၀၀၀ ဆန့် ဂူဒီဆင့်ပါ့ခ်ကွင်းအား အိမ်ကွင်းအဖြစ် အသုံးပြုလာခဲ့တာပါ။
၎င်းတို့ဟာ ယခင်တုန်းက Walton Hall၊ Haig Avenue, Halton Stadium နှင့် Rossett Park တို့ကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ဖူးပါတယ်။
အဲဗာတန်ဟာ ယခုကဲ့သို့ အမျိုးသမီးအသင်းနှင့် ကွင်းဟောင်းအား ရောင်းချလာမှုနှင့်အတူ ပရီးမီးယားလိဂ်ရဲ့ အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းနှင့် အံဝင်အောင် လုပ်ဆောင်လာနိုင်မယ်လို့ ယုံကြည်ရပါတယ်။
အဲဗာတန်ဟာ ၈ နှစ်ဆက်တိုက် အရှုံးပေါ်လာခဲ့ပေမယ့်လည်း အကယ်ဒမီ၊ အမျိုးသမီးအသင်းတို့အတွက် အသုံးစရိတ်လျှော့ချလာနိုင်တဲ့အပြင် Hill Dickinson Stadium ကွင်းသစ်အား အသုံးပြုလာမှုနှင့်အတူ အနာဂတ်တွင် ဘဏ္ဍာရေးပိုင်း ပိုမိုတောင့်တင်းလာမယ်လို့ ယုံကြည်ရပါတယ်။
တဖက်တွင် အဲဗာတန်ဟာ ကလပ်စံချိန်တင် ဝင်ငွေ ပေါင်သန်း ၂၀၀ နီးပါးအထိ ရရှိလာပါသေးတယ်။ အဲဗာတန်ဟာ ယခုရာသီတွင် ကွင်းသစ်အား အသုံးပြုနေမှုနှင့်အတူ ဝင်ငွေ ပေါင်သန်း ၂၅၀ နီးပါးအထိ မြင့်မားလာနိုင်ပါသေးတယ်။