ဗင်နီဇွဲလားယာယီသမ္မတကို ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်း
အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂေးအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများ ကိုရုပ်သိမ်းပေးခြင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် နေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်တွင် သမ္မတဟောင်း နစ်ကလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို အမေရိကန်စစ်တပ်က ဖမ်းဆီးပြီးနောက်ပိုင်း ရိုဒရီ ဂေးကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကက နောက်ဆုံးအသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ မာဒူရိုနှင့် ၎င်း၏ဇနီးတို့သည် လက်ရှိတွင် နူးယော့ခ်မြို့၌ မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ထုချေထားသည်။
အဆိုပါလုပ်ဆောင်ချက်ကြောင့် ရိုဒရီ ဂေးအနေဖြင့် အမေရိကန်ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပိုမိုလွတ်လပ်စွာ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိတော့မည် ဖြစ်သည်။ သူ့အပေါ် ပစ်မှတ်ထားခဲ့သော ပိတ်ဆို့မှုများကို တိုက်ရိုက်မရည်ညွှန်းဘဲ ရိုဒရီ ဂေးက အမေရိက-ဗင်နီဇွဲလား ဆက်ဆံရေးအတွက် မျှော်လင့်ချက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကို နှစ်နိုင်ငံဆက်ဆံရေးက ပုံမှန်ပြန်ဖြစ်ဖို့နဲ့ အားကောင်း ခိုင်မာလာဖို့အတွက် ခြေလှမ်းတစ်ရပ်အဖြစ် တန်ဖိုးထားပါတယ်” ဟု သူ၏ တယ်လီဂရမ် ချန်နယ်တွင် ရေးသားခဲ့သည်။ သူ့ အနေဖြင့် လက်ရှိဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းသွားရန်နှင့် နှစ်နိုင်ငံအကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ ကို တည်ဆောက်နိုင်ရန် ယုံကြည်ကြောင်းလည်း ဆိုသည်။
ရိုဒရီဂေး နှင့် သူ၏မောင် ဂျော့ချ် ရိုဒရီဂေးတို့သည် ထရမ့်ပ်၏ ပထမသက်တမ်းအတွင်း ဗင်နီဇွဲလား၏ ဒီမိုကရေစီကို ထိခိုက်စေခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိက၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်