ကုန်တင်ရထားများတိုးချဲ့ပြေးဆွဲရန် နိုင်ငံတော်ယာယီသမ္မတမှာကြား
ကုန်စည်များသယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ်သက်သာစေရေး၊ ကုန်စျေးနှုန်းများမြင့်တက်မှုမရှိစေရေးတို့အတွက် ကုန်တင်ရထားများတိုးချဲ့ပြေးဆွဲရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ယနေ့ ဧပြီ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးအစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတက မှာကြားခဲ့ခြင်းဖြစ်သည်။
ရထားပို့ဆောင်ရေးစနစ်သည် ကုန်စည်များသယ်ယူပို့ဆောင်ရာ၌ ကုန်ကျစရိတ်များသက်သာစေသဖြင့် ကုန်တင်ရထားများတိုးချဲ့ပြေးဆွဲရန်လို၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းနှင့် ပြည်နယ်များအလိုက် ရထားဖြင့်ကုန်စည်များသယ်ယူပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေးအတွက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် သယ်ယူပို့ဆောင်မှုများကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာမှုမရှိစေရန် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် မီးရထားဖြင့်ပို့ ဆောင်မှုများကိုအဓိကထားအသုံးပြု၍ ကုန်စည်များသယ်ယူပို့ဆောင်ရမည်ဟု မှာကြားသည်။
ထို့အတူ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများအလိုက် ကုန်ဈေးနှုန်းများမြင့်တက်လာနိုင်သဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးအတွက်အဓိကလိုအပ်သည့် ဒီဇယ်ဆီများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။