မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စက်ပစ္စည်းများ ယူဆောင်ကာ စက်သုံးဆီဝယ်ယူနေရ
ဥယျာဉ်ခြံစိုက်တောင်သူများ စက်သုံးဆီလိုအပ်ချက်ကြောင့် အပင်များအား ရေပေးဝေရန် အခက်အခဲများရှိနေပြီး ခြောက်သွေ့ပျက်စီးမှုများ စတင်ဖြစ်ပေါ်လာနေ
ပေါင်မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံစိုက်တောင်သူများ စက်သုံးဆီလိုအပ်ချက်ကြောင့် အပင်များအား ရေပေးဝေရန် အခက်အခဲများရှိနေပြီး အပင်များခြောက်သွေ့ပျက်ဆီးမှုများ စတင်ဖြစ်ပေါ်လာနေကြောင်း တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။
ဥယျာဉ်ခြံစိုက်ပျိုးနေသူများအနေဖြင့် နွေရာသီ၌ အပင်များအား နေ့စဉ်ရေလောင်းပေးနေရသည်များရှိသလို၊ အပင်များအား ရက်ခြားရေလောင်းပေးနေရခြင်းများလည်းရှိကြောင်း၊ လက်ရှိ စက်သုံးဆီအခက်အခဲကြောင့် ရေစက်များလည်ပိတ်နိုင်ခြင်းမရှိသည့်အတွက် အပင်များအား ရေပေးဝေခြင်း၊ ရေလောင်းခြင်းများမလုပ်နိုင်သောကြောင့် အပင်များခြောက်သွေ့ပျက်ဆီးစပြုလာနေသည့်အတွက် ပျက်ဆီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရလာနိုင်ကြောင်း ပေါင်မြို့နယ် ကျုံကကျေးရွာမှ ဥယျာဉ်ခြံစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စက်သုံးဆီအရောင်းဆိုင်တွေမှာက ဆီကို ပုံးတွေနဲ့ ရောင်းချခွင့်မရှိတဲ့အတွက် ကျနော်တို့ တောင်သူတွေအနေနဲ့ကလည်း စက်သုံးဆီဝယ်ယူဖို့ကအခက်တွေ့နေတယ်။ အဲ့ဒီတော့ ဥယျာဉ်ခြံလုပ်ငန်းသုံး မီးစက်၊ ရေစက်၊ မြက်ရိတ်စက်တွေကို စက်သုံးဆီဆိုင်အထိယူသွားပြီးတော့ တန်းစီစောင့်ဆိုင်းပြီးမှ စက်သုံးဆီဝယ်ယူခွင့်ရရှိကြရတယ်” ဟု ပြောကြားသည်။
သို့သော်လည်း စက်သုံးဆီအား (၁၀၀၀၀) ကျပ်ဖိုး (ဓါတ်ဆီ (၂) လီတာခန့်) သာ ခွဲတမ်းကျဝယ်ယူခွင့်ရသည့်အတွက် ထိုပမာဏမှာ ရေစက်အား တစ်နာရီခန့်မောင်းနှင်နိုင်ကြောင်းလည်း ၎င်းတောင်သူက ဆိုသည်။
ပေါင်မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်နေကြသည့်တောင်သူများ၏ စက်သုံးဆီလိုအပ်ချက်အား မည်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းမရှိသည့်အပြင်၊ တောင်သူများအနေဖြင့် စက်သုံးဆီလိုအပ်ချက်အား မှောင်ခိုဈေးကွက်မှ ဈေးကြီးပေးဝယ်ယူနေကြရကြောင်း ဥယျာဉ်ခြံစိုက်တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။