၀န်ထမ်းသုံးသန်းကျော်ဖြင့် အိန္ဒိယ၏ လူဦးရေစာရင်းကောက်ယူမည်
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ၏ လူတစ်ဦးချင်းစီကို ရေတွက်ရန်အတွက် အိန္ဒိယသည် တာဝန်ရှိသူ သုံးသန်းကျော်ဖြင့် တစ်နှစ်ကြာအချိန်ယူဆောင်ရွက်သွားမည်ဖြစ်ကာ ကိုဗစ်ကပ်ရောဂါကြောင့် တစ်စိတ်တစ်ပိုင်း နှောင့်နှေးခဲ့ရသည့် လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်သည်။
မူလက ၂၀၂၁ ခုနှစ်တွင် စီစဉ်ထားသည့် ဆယ်နှစ်တစ်ကြိမ်ကောက်ယူသော လူဦးရေစစ်တမ်းကို အွန်လိုင်းမှ မှတ်ပုံတင်လိုသည့် နိုင်ငံသားများအတွက် အချိန်တိုအတွင်း ဧပြီလ ၁ ရက် နေ့မှစတင်သွားမည်ဟု အစိုးရက မတ်လ ၃၀ ရက် နေ့တွင် ပြောကြားခဲ့သည်။
ထို့နောက် တစ်အိမ်တက်ဆင်း စစ်တမ်းကောက်ယူမှု အဆင့်နှစ်ဆင့်ရှိမည်ဖြစ်သည်။ ပထမအဆင့်တွင် အိမ်များနှင့် အိမ်ထောင်စုအခြေအနေများကို စာရင်းပြုစုမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် နေထိုင်သူများနှင့် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်များကို စာရင်းပြုစုမည်ဖြစ်ကြောင်း သန်းခေါင်စာရင်းကော်မရှင်နာမင်းကြီး မာရီတန်ဂျေး ကူးမား နာရာယန်းက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၁ ဒဿမ ၄ ဘီလျံကျော်ရှိခဲ့ကာ တရုတ်နိုင်ငံကို ကျော်တက်သွားခဲ့သည်ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေ့အဖွဲ့က ပြောကြားခဲ့သည်။
လေ့လာသုံးသပ်သူများနှင့် စီးပွားရေးပညာရှင်များကမူ အိန္ဒိယလူဦးရေ ပမာဏကို စိုးရိမ်စရာအကြောင်းတစ်ခုအဖြစ် မမြင်ကြပေ။ အဓိကစီပွားရေးအင်အားကောင်းနိုင်ငံများ လုပ်သားအင်အား ကျဆင်းမှု၊ သက်ကြီးပိုင်းလုပ်သားဦးရေမြင့်တက်မှုနှင့် ရုန်းကန်နေရချိန်တွင် အစိုးရသည် ၎င်း၏ အဓိကအားဖြင့် လူငယ်ဦးရေကို ကျွမ်းကျင်လုပ်သားများစွာ ဖန်တီးရန် အခွင့်အရေးတစ်ခုအဖြစ် ကြာမြင့်စွာကတည်းက ကြွေးကြော်ခဲ့သည်။
သန်းခေါင်စာရင်းတွင် ဇာတ်နိမ့်များ၏ အသေးစိတ်အချက်အလက်များကိုလည်း ကောက်ယူသွားမည်ဟု မစ္စတာ နာရာယန်းက ပြောကြားခဲ့သည်။ တင်းကျပ်သော လူတန်းစားခွဲခြားမှုစနစ်သည် နှစ်ပေါင်းထောင်ချီကတည်းကရှိခဲ့ပြီး အိန္ဒိယ၏ လူနေမှုဘဝနှင့် နိုင်ငံရေးတွင် ပျံ့နှံ့နေသည်။
ဇာတ်နိမ့်အခြေပြုသော နိုင်ငံရေးပါတီများစွာရှိပြီး နိုင်ငံတော်အဆင့် ဌာနအဖွဲ့အစည်းများသည် အလုပ်အကိုင်နှင့် ကောလိပ်နေရာများအတွက် အောက်တန်းလွှာဟုခေါ်သော လူတန်းစားများအတွက် အပြုသဘောဆောင်သော အလုပ်အကိုင်ခွဲတမ်းများ ချပေးရမည်ဖြစ်သည်။
ထောက်ခံသူများက ထိုက်တန်သော အစိုးရ၏ အကူအညီများအတွက် အချက်အလက်များလိုအပ်ကြောင်း ကို အလေးပေးပြောကြားခဲ့ပြီး ဝေဖန်သူများကမူ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာရန် ရည်မှန်းချက်ရှိသော နိုင်ငံတွင် ဇာတ်နိမ့်ဟူ၍ မရှိရဟု ဆိုကြသည်။
အိန္ဒိယနိုင်ငံသည် ၎င်း၏ ဇာတ်နိမ့်များနှင့်ပတ်သက်၍ နှစ်ပေါင်း ၈၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၁ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သော်လည်း ၎င်း၏ တိကျမှုနှင့် ပတ်သက်၍ စိုးရိမ်မှုရှိသောကြောင့် အချက်အလက်များကို အပြည့်အဝထုတ်ပြန်ခဲ့ခြင်း မရှိပေ။
သန်းခေါင်စာရင်းကောက်ယူမှုကို ၂၀၂၇ ခုနှစ် မတ်လတွင် အပြီးသတ်ရန် မျှော်လင့်ရသည်။ ပထမဆုံးအကြိမ်အဖြစ် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်တင်ထားသော သန်းခေါင်စာရင်းမှ အချက်အလက်များစွာကို ကောက်ယူပြီး မကြာမီ ထုတ်ပြန်မည်ဟု မစ္စတာ နာရာယန်းက ပြောကြားခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်