ဂျပန်ကတာဝေးပစ်တုံ့ပြန်တိုက်ခိုက်ရေးဒုံးကျည်များကိုတပ်ဖြန့်ချထား

ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိသော တာဝေးပစ်ဒုံးကျည်များကို နိုင်ငံအတွင်းရှိ မြေပြင်ကာကွယ်ရေးကြည်းတပ်ဖွဲ့ စခန်းနှစ်ခုတွင် ပထမဆုံးအကြိမ် စတင်တပ်ဖြန့်အသုံးပြုနေပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါလုပ်ရပ်ကြောင့် ပြည်တွင်း၌ ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

ဂျပန်အနောက်တောင်ပိုင်း ကူမာမိုတို ပြည်နယ်ရှိ ကင်ဂွန်း စစ်စခန်း နှင့် ဂျပန်အလယ်ပိုင်း ရှိဇူအိုကာ ပြည်နယ်ရှိ ဖူဂျီ စစ်စခန်း တို့တွင် ဒုံးကျည်များကို ဖြန့် ကျက်ထားခြင်းသည် စစ်ပွဲကိုစွန့်လွှတ်ကြောင်း ပြဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင့်သုံးခဲ့သော ဂျပန်၏ “မိမိကိုယ်ကိုယ်ကာကွယ်ရေးသက်သက်ကိုသာ ဦးတည်သည့် မူဝါဒ” မှ သိသာစွာ သွေဖည်ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ကျိုတိုနယူးစ် က ဖော်ပြခဲ့သည်။

ကင်ဂွန်း စစ်စခန်း တွင် ကီလိုမီတာ ၁,၀၀၀ ခန့်အထိ ပစ်ခတ်နိုင်သည့် အဆင့်မြှင့်တင်ထားသော Type 12 မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်များကို တပ်ဆင်ထားသည်။ ၎င်းမှာ ဂျပန်၏ နယ်နိမိတ်ထက် ကျော်လွန်သည့် အကွာအဝေးဖြစ်သဖြင့် တိုက်စစ်ဆင်နိုင်စွမ်းရှိသည့် လက်နက်အဖြစ် ရှုမြင်ခံနေရသည်။ တစ်ချိန်တည်းမှာပင် ဖူဂျီ စစ်စခန်း ရှိ လေ့ကျင့်ရေးတပ်ဖွဲ့တွင် အလွန်မြင့်မားသော အရှိန်ဖြင့် ပျံသန်းနိုင်သည့် ဒုံးကျည်များကို တပ်ဆင်ထားသည်။ ယင်းဒုံးကျည်မှာ လက်ရှိတွင် ကီလိုမီတာ ရာဂဏန်းအထိသာ ပစ်ခတ်နိုင်သော်လည်း ဝန်ကြီးဌာနက ကီလိုမီတာ ၂,၀၀၀ ခန့်အထိ ပစ်ခတ်နိုင်ရန် အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေသည်။

“ရန်သူ့အခြေစိုက်စခန်းကို တိုက်ခိုက်နိုင်စွမ်း” ဆိုသည်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်တော့မည်ဟု ဆုံးဖြတ်ပါက အမှန်တကယ် ပျက်စီးဆုံးရှုံးမှုမရှိမီ ရန်သူ့စခန်းများကို ကြိုတင်တုံ့ပြန်တိုက်ခိုက်နိုင်သည့် ဂျပန်၏ စွမ်းဆောင်ရည်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သို့သော်လည်း အကဲဖြတ်သူများက အကယ်၍ အကဲဖြတ်မှု မှားယွင်းခဲ့ပါက နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်မည်ဖြစ်ကြောင်း သတိပေးထားကြသည်။

အင်္ဂါနေ့တွင် ကူမာမိုတိုရှိ ဒေသခံများသည် ကင်ဂွန်း စစ်စခန်း အနီး၌ “ဒုံးကျည်ဖြန့် ကျက်မှုကို ကန့်ကွက်ကြ”၊ “ဒုံးကျည်များ မလိုအပ်ပါ” ဟူသော ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ ဒေသခံများက ယခုလုပ်ရပ်ကြောင့် မိမိတို့ဒေသမှာ စစ်ရေးပစ်မှတ် ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ထို့ပြင် အရပ်ဘက်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည်လည်း တိုကျိုမြို့၌ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိများနှင့် တွေ့ဆုံကာ ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအီချီ ၏ “ဂျပန်နိုင်ငံကို သန်မာပြီး ချမ်းသာအောင်လုပ်ဆောင်မည်” ဟူသော စစ်ရေးချဲ့ထွင်မှု မူဝါဒများကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြသည်။

Ref: ရှင်းဟွာ

image