၅၂ နှစ်အတွင်း ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ ဒီမိုကရက်တစ်ကွန်ဂို
==================
ဒီမိုကရက်တစ်ကွန်ဂိုဟာ မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလာဂျာကွင်းတွင် ကစားတဲ့ Intercontinental Play-Off ဗိုလ်လုပွဲတွင် ဂျာမေကာအား အချိန်ပိုမှာ ၁-၀ ဂိုးဖြင့် အနိုင်ယူပြီး ၅၂ နှစ်အတွင်း ပထမဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုဟာ အဇဲလ်တွန်ဇီဘီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတာလည်း ဖြစ်ပါတယ်။

တွန်ဇီဘီဟာ ဒီမိုကရက်တစ်ကွန်ဂိုအရှေ့ပိုင်း ပဋိပက္ခများရဲ့ ရိုက်ခတ်မှု ခံရတဲ့ ဘူနီယာမှာ မွေးဖွားလာခဲ့တာ ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် မိသားစုနှင့်အတူ အင်္ဂလန်တွင် ခိုလှုံလာသူ ဖြစ်ပါတယ်။

သူဟာ အသက် ၈ နှစ်အရွယ်ကတည်းက ယူနိုက်တက်သို့ ရောက်လာပြီးနောက် စီနီယာအသင်းအတွက် ၁၉ ပွဲကစားခွင့်ရခဲ့ပါတယ်။

သူဟာ ဗီလာ၊ နာပိုလီ၊ စတုတ်စီးတီး၊ အစ္စဝှစ်ချ်သို့ သွားကစားခဲ့သလို လက်ရှိ ဘန်လေအသင်းမှာ ကစားနေပါတယ်။

သူဟာ အင်္ဂလန်ယူ-၁၉၊ ယူ-၂၀ နှင့် ယူ-၂၁ တို့တွင်လည်း ကစားပြီးနောက် စီနီယာအသင်းမှာ ကစားခွင့်ရမယ့် အခွင့်အရေး မရှိတာကြောင့် ကွန်ဂိုအတွက် ကိုယ်စားပြုကစားလာတာလည်း ဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ဘန်လေဗဟိုနောက်ခံလူဟာ ပွဲချိန်မိနစ် ၁၀၀ မှာ ထောင့်ကန်ဘောမှ တဆင့် အပိုင်ပိတ်သွင်းကာ ကွန်ဂိုအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းခဲ့တာ ဖြစ်ပါတယ်။

ဂျာမေကာဟာ ၁၉၉၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်လာတာ ဖြစ်ပြီး ကမ္ဘာ့ဖလားကစားခွင့်ရရေး ထပ်မံစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ကွန်ဂိုဟာ ကမ္ယာ့ဖလားအုပ်စု(K) တွင် ပေါ်တူဂီ၊ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်တို့နှင့် ကစားရပါမယ်။

image