နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူလိုက်ပါသည့် လကမ္ဘာခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်ရန် NASA မှ စီစဉ်ထား
အမေရိကန်ပြည်ထောင်စုအနေဖြင့် အာကာသနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ရင်း ဦးဆောင်မှုကို ပြန်လည်ရယူရန် ကြိုးပမ်းနေစဉ် NASA သည် အာတဲမစ်(Artemis) အစီအစဉ်၏ ဒုတိယမြောက် မစ်ရှင်အဖြစ် နှစ်ပေါင်း ၅၃ နှစ်အတွင်း ပထမဆုံးအကြိမ် လကမ္ဘာသို့ အာကာသယာဉ်မှူးများ စေလွှတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ဤခရီးစဉ်သည် လူသားတို့၏ လကမ္ဘာဆိုင်ရာ ရည်မှန်းချက်များအတွက် အလွန်အရေးပါသော စမ်းသပ်ပျံသန်းမှုတစ်ခု ဖြစ်သည်။
အမေရိကန် အာကာသယာဉ်မှူး ၃ ဦးနှင့် ကနေဒါ အာကာသယာဉ်မှူး ၁ ဦးတို့သည် NASA ၏ Orion ဒုံးပျံဖြင့် ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်ရန် စီစဉ်ထားသည်။
၁၀ ရက်ကြာမြင့်မည့် ဤစမ်းသပ်မစ်ရှင်သည် လကမ္ဘာကို ပတ်ကာ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး လူသားတို့ ယခင်က ရောက်ရှိခဲ့ဖူးသည့် အနက်ရှိုင်းဆုံး အာကာသအတွင်းသို့ သွားရောက်ကြမည်ဖြစ်သည်။
ဤမစ်ရှင်သည် ၂၀၁၂ ခုနှစ်မှစတင်ကာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၉၃ ဘီလီယံ အကုန်အကျခံထားသည့် NASA ၏ လကမ္ဘာသို့ ပုံမှန်ခရီးစဉ်များ ပျံသန်းနိုင်ရေး Artemis အစီအစဉ်၏ ပထမဆုံး လူလိုက်ပါသည့် စမ်းသပ်ပျံသန်းမှု ဖြစ်သည်။
၁၉၇၂ ခုနှစ် Apollo 17 မစ်ရှင်နောက်ပိုင်း လူသားတို့ လကမ္ဘာပေါ်သို့ ထပ်မံ၍ ခြေမချရသေးပေ။ NASA သည် ခက်ခဲလှသည့် ယင်းလုပ်ဆောင်ချက်ကို ၂၀၂၈ ခုနှစ်တွင် လကမ္ဘာ၏ ကြမ်းတမ်းသော တောင်ဝင်ရိုးစွန်းဒေသ၌ ထပ်မံလုပ်ဆောင်ရန် ရည်မှန်းထားသည်။
ယခင်က ဆိုဗီယက်ယူနီယံနှင့် ယှဉ်ပြိုင်ခဲ့သည့် Apollo အစီအစဉ်၏ လပေါ်ဆင်းသက်မှု ၆ ကြိမ်ကြောင့် အမေရိကန်ပြည်ထောင်စုသည် အခြားကမ္ဘာပြင်ပဂြိုဟ်တစ်ခုပေါ်သို့ လူသားများ ပို့ဆောင်နိုင်ခဲ့သည့် ပထမဆုံးနှင့် တစ်ခုတည်းသော နိုင်ငံဖြစ်လာခဲ့သည်။
လက်ရှိတွင် အမေရိကန် တာဝန်ရှိသူများသည် နည်းပညာပိုင်းဆိုင်ရာ ပြိုင်ဘက်ကြီးဖြစ်သည့် တရုတ်နိုင်ငံ ကို အဓိကအာရုံစိုက်ထားကြသည်။ တရုတ်နိုင်ငံသည် သူတို့၏ လကမ္ဘာစီမံကိန်းတွင် စက်ရုပ်အာကာသယာဉ်များစွာကို အောင်မြင်စွာ စေလွှတ်ထားနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် လကမ္ဘာမျက်နှာပြင်ပေါ်သို့ လူစေလွှတ်နိုင်ရန် ပန်းတိုင်ထားကာ တစိုက်မတ်မတ် တိုးတက်ဆောင်ရွက်နေသည်။