ပလေးအော့ဖ်ဗိုလ်လုပွဲမတိုင်မီ လက်ရွေးစင်အသင်း လေ့ကျင့်ခန်းဆင်းမှုအား စစ်သားစေလွှတ်ကာ ကင်းထောက်စေခဲ့တယ်လို့ အီတလီကို ဘော့စနီးယားစွပ်စွဲလာ
=====================
ဘော့စနီးယားမီဒီယာများက ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မတိုင်မီ အီတလီစစ်သားအား စေလွှတ်ကာ ဘော့စနီးယားလက်ရွေးစင်အသင်း လေ့ကျင့်ခန်းဆင်းမှုအား လျို့ဝှက်ကင်းထောက်ခဲ့တယ်လို့ စွပ်စွဲ ရေးသားလာကြပါတယ်။
ဘော့စနီးယားဟာ ယနေ့ညတွင် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့် တစ်နေရာအတွက် အီတလီကို ဧည့်ခံကစားရပါမယ်။
ဒါပေမယ့် ယင်းပွဲမတိုင်မီ ဘော့စနီးယားက အီတလီဟာ နိုင်ငံတွင်း တာဝန်ထမ်းဆောင်နေတဲ့ European Union Force (EUFOR) တပ်ဖွဲ့ဝင် စစ်သားတစ်ဦးအား စေလွှတ်ကာ အိမ်ရှင်အသင်းရဲ့ ပြင်ဆင်မှုများကို လျို့ဝှက်စပိုင်လုပ် ကင်းထောက်မှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲလာပါတယ်။
ဒေသခံမီဒီယာများက အီတလီနိုင်ငံသားလို့ ယုံကြည်ရတဲ့ စစ်သားတစ်ဦးကို တနင်္ဂနွေနေ့တုန်းက ဘော့စနီးယားအသင်း အခြေစိုက်ရာ ဘတ်မာရှိ လေ့ကျင့်ရေးကွင်းအား ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးနေကြောင်း တွေ့ရှိခဲ့ရကြောင်း ရေးသားနေကြပါတယ်။
ဘော့စနီးယားအသင်းဟာ လေ့ကျင့်ခန်းဆင်းမှု ၁၅ မိနစ်အား မီဒီယာများကို မှတ်တမ်းတင် ရိုက်ကူးခွင့်ပေးခဲ့ပါတယ်။
ဒါပေမယ့် ယင်းအီတလီစစ်သားကတော့ ဘော့စနီးယားအသင်း လေ့ကျင့်ခန်းဆင်းမှုအား ကြာမြင့်စွာ မှတ်တမ်းတင် ရိုက်ကုးမှု ပြုလုပ်ခဲ့ပါတယ်။
ဘော့စနီးယားသတင်းစာ SportSport က ယင်းစစ်သားမှာ အီတလီအသင်းက စေလွှတ်လိုက်တဲ့ စပိုင်ဖြစ်ကြောင်း၊ ဘော့စနီးယားရဲ့ ပြင်ဆင်မှုကို လာရောက် ကင်းထောက်ခြင်းဖြစ်ကြောင်း ရေးသားသွားပါတယ်။
ယင်းသတင်းစာဟာ ဘော့စနီးယားဘောလုံးအဖွဲ့ချုပ်အား အသိပေးအကြောင်းကြားမှု ပြုလုပ်ခဲ့သလို၊ နိုင်ငံတွင်းရှိ EUFOR ထံလည်း တိုင်ကြားမှု ပြုလုပ်ထားပါတယ်။
ဒါပေမယ့် အခြားမီဒီယာများကတော့ ယင်းမှတ်တမ်းတင် ရိုက်ကူးတဲ့ လူမှာ အီတလီစစ်သားဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထားအခိုင်အလုံမရှိဘဲ သာမန်ပရိသတ်တစ်ဦးမျှသာ ဖြစ်ကြောင်း ရေးသားနေကြပါတယ်။