အီမီလီယာနိုဆာလာ သေဆုံးမှုအတွက် ပေါင်သန်း ၁၀၀ ကျော် နစ်နာကြေး ရရှိရေး ကာဒစ်ဖ်ရဲ့ တောင်းဆိုမှုကို တရားရုံးပယ်ချ
====================
ကာဒစ်ဖ်စီးတီးရဲ့ ဘောလုံးသမားအီမီလီယာနိုဆာလာ သေဆုံးမှုအတွက် နစ်နာကြေး ပေါင်သန်း ၁၀၀ ကျော် ရရှိရေး တောင်းဆိုမှုအား ပြင်သစ်တရားသူကြီးတစ်ခုက ပယ်ချလာပါတယ်။
အသက် ၂၈ နှစ်ရှိ ဆာလာ၊ လေယာဉ်မှူးဒေးဗစ်အစ်ဘော့ဆန်တို့ဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတုန်းက အင်္ဂလိပ်ရေလက်ကြားအား ဖြတ်သန်းစဉ် လေယာဉ်ပျက်ကျ သေဆုံးခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ နန့်တက်စ်မှ ကာဒစ်ဖ်စီးတီးသို့ ပေါင် ၁၅ သန်းဖြင့် ပြောင်းရေး ဆေးစစ်ဆေးမှုခံယူပြီးနောက် နန့်တက်စ်သို့ ပြန်ကာ ကစားဖော်ဟောင်းများ နှုတ်ဆက်ရန် အသွားတွင် လေယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့တာပါ။
ဝေးလ်ကလပ်ဟာ ဆာလာ သေဆုံးမှုအတွက် နန့်တက်စ်ထံမှ နစ်နာကြေး ရရှိရေး ကာလရှည်ကြာ ကြိုးပမ်းလာခဲ့တာ ဖြစ်ပြီး ယခုအခါ ပြင်သစ်တရားသူကြီးတစ်ဦးက အမှုကို ပယ်ချလာခဲ့ပြီ ဖြစ်ပါတယ်။
ကာဒစ်ဖ်ဟာ ဝင်ငွေနှင့် အခြားနစ်နာများမှုအတွက် နန့်တက်စ်ထံမှ ပေါင်သန်း ၁၀၄ သန်း ရရှိရေး တရားစွဲဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါမှာတော့ နန့်တက်စ်ရှိ တရားရုံးတစ်ခုက ဝေးလ်ကလပ်ရဲ့ တောင်းဆိုမှုကို ပယ်ချလာတဲ့အပြင် တရားရုံးစရိတ်နှင့် နန့်တက်စ်အသင်း နစ်နာဆုံးရှုံးမှုများအတွက် ပေါင် ၄၀၀၀၀၀ လည်း ပေးရန် ဆုံးဖြတ်လာပါတယ်။
တရားရုံးက ကာဒစ်ဖ်ဘက်က အယူခံဝင်လာပါကလည်း ယင်းငွေကြေးများကို ချက်ချင်းပေးရန် ဆုံးဖြတ်လာပါတယ်။
လက်ရှိအချိန်တွင် ကာဒစ်ဖ်ဘက်က အယူခံဝင်ရေး မဆုံးဖြတ်ရသေးပါဘူး။