မက္ကဆီကိုနှင့် ပေါ်တူဂီတို့ရဲ့ Azteca Stadium ကွင်းဖွင့်ပွဲမတိုင်မီ ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျသေဆုံး
====================
ဘောလုံးပရိသတ်တစ်ဦးဟာ မက္ကဆီကိုရဲ့ ပေါ်တူဂီနှင့် ခြေစမ်းပွဲမတိုင်မီ အသစ်ပြန်လည်ဖွင့်လှစ်လာတဲ့ Azteca Stadium ကွင်းပေါ်မှ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။

စပွန်ဆာရှင်အမည် Estadio Banorte ပေးထားတဲ့ ယင်းကွင်းကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြီးစားပြန်လည်တည်ဆောက်မှု ပြုလုပ်ထားတာ ဖြစ်ပြီး မက္ကဆီကိုနှင့် ပေါ်တူဂီတို့ရဲ့ ခြေစမ်းပွဲက ကွင်းဖွင့်ပွဲလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Estadio Banorte ကွင်းဖွင့်ပွဲတွင် လူတစ်ဦးမှာ ဒုတိယတန်း VIP Box မှ ပထမတန်းသို့ ခုန်ကူးစဉ် ပြုတ်ကျ သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ယင်းလူကို ကယ်ဆယ်ရေး ကြိုးပမ်းခဲ့ကြပေမယ့်လည်း ကံဆိုးစွာပင် သေဆုံးသွားခဲ့ပါတယ်။

မက္ကဆီကိုစီးတီးလုံခြုံရေးအရာရှိက ပြုတ်ကျသေဆုံးသွားသူမှာ မူးယစ်နေကြောင်း ဆိုသွားပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ မူခင်းဆိုင်ရာကျွမ်းကျင်သူများ၊ အရာရှိများအပါအဝင် တာဝန်ရှိသူများ လာရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။

မတော်တဆမှုကြောင့် လူသေဆုံးမှု ဖြစ်ခဲ့ပေမယ့်လည်း မက္ကဆီကိုနှင့် ပေါ်တူဂီပွဲကို အစီအစဉ်အတိုင်း ကစားသွားခဲ့ပြီး ဂိုးမရှိသရေဖြင့် ပြီးဆုံးသွားခဲ့ပါတယ်။

မက္ကဆီကိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရန်အတွက် Azteca အပါအဝင် ကွင်းသုံးကွင်းအား အကြီးစားပြန်လည်တည်ဆောက်မှု ပြုလုပ်ခဲ့တာပါ။

Azteca ကွင်းမှာ မက္ကဆီကိုနှင့် တောင်အာဖရိကတို့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲကို လက်ခံကျင်းပမယ့်ကွင်းလည်း ဖြစ်ပြီး ဒီကွင်းမှာ ကမ္ဘာ့ဖလားပွဲ ၅ ပွဲ လက်ခံကျင်းပသွားပါမယ်။

Azteca ကွင်းဟာ ၁၉၇၀ နှင့် ၁၉၈၆ ကမ္ဘာ့ဖလားအဖွင့်ပွဲများကိုလည်း လက်ခံကျင်းပဖူးရာ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၃ ပွဲ လက်ခံကျင်းပဖူးတဲ့ ပထမဆုံးကွင်း ဖြစ်လာပါမယ်။

image