7 ရက် - ဘာသာပြန်ပါ။

ဒဏ်ရာပြဿနာကြုံလာပြီးနောက် စာချုပ်ချုပ်ဆိုရေး ဆွေးနွေးမှုကို ရွှေ့ဆိုင်းလာတဲ့ နူအာနှင့် ဘိုင်ယန်မြူးနစ်
=====================
မန်နူရယ်နူအာနှင့် ဘိုင်ယန်မြူးနစ်တို့ဟာ ဒဏ်ရာပြဿနာကြုံလာပြီးနောက် စာချုပ်ကိစ္စဆွေးနွေးရေးအား ရွှေ့ဆိုင်းမှု ပြုလုပ်လာပါတယ်။

အသက် ၄၀ နှစ်ရှိ ဂိုးသမားဟာ ကြွက်သားဒဏ်ရာပြဿနာ ကြုံလာရပြီးနောက် သူ့ခန္ဓာကိုယ်မှာ နောက်ထပ်တစ်ရာသီ ပရော်ဖက်ရှင်နယ်အဆင့်တွင် ကစားနိုင်ခြင်းရှိ/မရှိ သိရှိလိုနေတာလည်း ဖြစ်ပါတယ်။

Bild ရဲ့ ဖော်ပြလာမှုအရ နူအာဟာ ကြွက်သားဒဏ်ရာကြောင့် အနားယူရပြီးနောက် စာချုပ်ကိစ္စဆွေးနွေးမှုအား ရွှေ့ဆိုင်းပေးရန် ဘိုင်ယန်မြူးနစ်စီမံခန့်ခွဲရေးအဖွဲ့အား တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ကလပ်ဘက်ကလည်း မကြာသေးမီတုန်းက အသက် ၄၀ နှစ်ပြည့်ခဲ့တဲ့ နူအာရဲ့ တောင်းဆိုမှုကို လက်ခံသူပါ။

ဘိုင်ယန်မြူးနစ်ဟာ ဧပြီလလယ်ပိုင်းတွင် ကစားမယ့် ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အထိ နူအာနှင့်ပတ်သက်ပြီး တစုံတရာ ဆုံးဖြတ်ချက်ချလာမှာ မဟုတ်ပါဘူး။

တဖက်တွင် နူအာကလည်း ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ရေးကိုသာ အာရုံစိုက်နေပါတယ်။

နူအာဟာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင်မှ စာချုပ်သက်တမ်းတိုးမလား၊ ကစားသမားဘဝမှ အနားယူမလားဆိုတာ ဆုံးဖြတ်လာပါမယ်။

ဒီဇင်ဘာနှင့် ဖေဖော်ဝါရီတုန်းကလည်း ဒဏ်ရာပြဿနာများနှင့် ကြုံခဲ့ရတဲ့ နူအာဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၉ ပွဲကစာထားရာမှာ ၂၇ ဂိုးတည်းသာ ပေးထားရပြီး ဂိုးမပေးရတဲ့ပွဲ ၁၀ ပွဲ ပိုင်ဆိုင်ထားပါတယ်။

image