ဓာတ်မြေသြဇာတင် ထိုင်းကုန်သင်္ဘောငါးစင်း ရေလက်ကြားတွင် ပိတ်မိနေ
ဟော်မုဇ်ရေလက်ကြားတွင် ဓာတ်မြေသြဇာတင် ထိုင်းကုန်သင်္ဘောငါးစင်း ပိတ်မိနေခဲ့ခြင်းကြောင့် ထောက်ပံ့ဖြည့်တင်းရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေပြီး အရေးပေါ် အစီအမံများ ကို ချမှတ်လာရသည်။ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ရေနံကုန်ကျစရိတ်ဖွဲ့စည်းပုံများကို အရေးတကြီးပြန်လည်သုံးသပ်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကယ်ဆယ်ရေးအစီအမံများကို စတင်ကျင့်သုံးရန် ဗုဒ္ဓဟူးနေ့တွင် အမိန့်ပေးခဲ့သည်။
ထိုင်းနိုင်ငံကို ဦးတည်နေသော ဓာတ်မြေသြဇာနှင့် ဆက်စပ်ကုန်ကြမ်းများကို တင်ဆောင်လာသော ကုန်တင်သင်္ဘောငါးစင်းသည် အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရေလက်ကြားကို ဖြတ်သန်းနိုင်ခြင်းမရှိကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူပါဂျီ ဆူထမ်ဖန်က ပြေကြားခဲ့သည်။
ဤဖြစ်ရပ်ကြောင့် အာဏာပိုင်များအတွက် ပြည်တွင်းရရှိနိုင်သော သွင်းအားစုများကို ပိုမိုအားကိုးရန်နှင့် ဓာတ်မြေသြဇာဖော်မြူလာများကို ပြုပြင်ပြောင်းလဲရေး စဉ်းစားရန်ဖြစ်စေခဲ့သည်။
ဤ အနှောင့်အယှက်ကြုံရမှုသည် အဓိကထောက်ပံ့ရေးကွင်းဆက်များ၊ အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားမှတဆင့် သင်္ဘောလမ်းကြောင်းများကို အားကိုးနေရသော ဓာတ်မြေသြဇာနှင့် ရေနံဓာတုဗေဒလုပ်ငန်းများကို ထိခိုက်စေခဲ့ကြောင်း စနေနေ့က “ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတစ်လတာ- ပြောင်းလဲနေသော ကမ္ဘာတွင် ထိုင်းနိုင်ငံ၏ တုန့်ပြန်မှု” ခေါင်းစဉ်ဖြင့် ကျင်းပသော ဖိုရမ်တွင် မစ္စဆူပါဂျီက ပြောကြားခဲ့သည်။
ဓာတ်မြေသြဇာသိုလှောင်ထားနိုင်မှုသည် ယခင်က သြဂုတ်လအထိရှိမည်ဟု မျှော်လင့်ထားသော်လည်း မမျှော်လင့်ထားသော ပိတ်ဆို့မှုကြောင့် သယ်ယူပို့ဆောင်နေဆဲ ကုန်ပစ္စည်းများနှင့် တင်ဆောင်ရန် စောင့်ဆိုင်းနေသော ကုန်ပစ္စည်းအသစ်များ နှစ်မျိုးစလုံးကို ရပ်တန့်သွားစေသောကြောင့် စိုးရိမ်မှုအသစ်များ ပေါ်ပေါက်လာခဲ့သည်။
ယင်းအခက်အခဲကြောင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အခြေအနေကို စောင့်ကြည့်ရန်နှင့် ပြည်တွင်းထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းများကို စီမံခန့်ခွဲရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Ref: ဘန်ကောက်ပို့စ်