ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာမှဆက်လက်အကျိုးပြုလုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
နိုင်ငံတော်၊ ပြည်သူလူထုနှင့် တပ်မတော်၏ အကျိုး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာမှ ဆက်လက် အကျိုးပြုလုပ်ဆောင်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာ့တပ်မတော်၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ မတ် ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ကျင်းပပြုစဥ် ဂုဏ်ပြုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်တာဝန်များကို စုစည်းညီညွတ်စွာကြိုးပမ်းဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။
"ကမ္ဘာတည်သ၍ မြန်မာတည်ရမည်၊ မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်၊ ကောင်းမြတ်တဲ့တပ်မ တော်ရဲ့ သမိုင်းအစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရတဲ့၊ ပြည်သူလူထုက အားကိုးရတဲ့ တပ်မတော်အဖြစ် ဆက်လက်ရပ်တည်သွားကြပါ"ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မတော်တာဝန်များထမ်းဆောင်ခဲ့မှု၊ ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများမျှော်မှန်းတည်ဆောက်ခဲ့သည့် အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်ကြီးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့မှု၊ တပ်မတော်စွမ်းရည်မြင့်မားရေး၊ နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ်အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့မှုတို့ကိုလည်း ပြောကြားခဲ့သည်။
ထို့အတူ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲကို သန့်သန့်ရှင်းရှင်းအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး မကြာခင် လွှတ်တော်မှ ရွေးချယ်တင်မြောက်သည့် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံတော်တာဝန်များလွှဲပြောင်းပေးနိုင်တော့မည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။