စည်းကမ်း လိုက်နာမှုမရှိတဲ့ စက်သုံးဆီဆိုင်တွေကို အရေးယူမှုတွေ လုပ်ဆောင်နေပေမယ့် ထိရောက်မှုမရှိသေး
မတ် ၂၉ - ၂၀၂၆
ပြည်သူတွေအတွက် စက်သုံးဆီ ဝယ်ယူရာမှာ အဆင်ပြေစေဖို့ Bar Code/QR Code တွေနဲ့ ဝယ်ယူခွင့်ပြုထားပြီး Scan ဖတ်ခြင်းမပြုဘဲ ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်တွေကို အရေးယူမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
အချက်အလက်ပြည့်စုံစွာ တိုင်ကြားလာမှုတွေအပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက်မှုအနေနဲ့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာ၊ ရန်ကုန် - မန္တလေးလမ်းမကြီး (လမ်းဟောင်း) ပေါ်ရှိ “စိန်စီအောင်” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၅၁၂) ကို စီမံခန့်ခွဲရေး နည်းလမ်းအရ လိုင်စင် ယာယီပိတ်သိမ်းထားပြီး အဲဒီ အရောင်းဆိုင်နဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကိုလည်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် စွမ်းအင်ဝန်ကြီးဌာနရဲ့ Online Monitoring Center မှတဆင့် စောင့်ကြည့် စစ်ဆေးမှုအရ Bar Code/QR Code တွေကို Scan ဖတ်ခြင်းမပြုဘဲ ရောင်းချနေတဲ့ အရောင်းဆိုင် ၃၀ ဝန်းကျင်ကို တွေ့ရှိရတာကြောင့် နောက်ဆုံးအကြိမ် သတိပေးထားပြီး ထပ်မံစစ်ဆေး တွေ့ရှိရပါက ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပေါင်မြို့က ဆီဆိုင်တွေကိုလည်း အရေးယူရမှာ။ လယ်သမားတွေ ထွန်ယက်စိုက်ပျိုးဖို့ ဆီရောင်းပေးတာ ဂါလန် ၂၀ ရောင်းပေးရမှာကို ၁၀ ဂါလန် ရောင်းတဲ့ဆိုင်က ရောင်း။ တချို့ဆိုင်တွေဆို ၆ ဂါလန်ပဲ ရတယ်။ ကျွန်တော်တို့က ပုံစံ ၇ မှာ ပါတဲ့အတိုင်း ဧကအလိုက် ကျေးရွာထောက်ခံချက်နဲ့ မြို့နယ်ထောက်ခံချက်ပါ ထပ်ဆင့်လုပ်ပြီး စာရွက်စာတမ်း အပြည့်အစုံ သွားဝယ်တာ။ ဒါတောင် အတိအကျ မရောင်းပေးဘူး” လို့ တောင်သူတယောက်က ပြောပါတယ်။
ဒါအပြင် ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်က စက်သုံးဆီ အရောင်းဆိုင်တွေဟာလည်း လုပ်ငန်းသုံးပြုတဲ့ ကားတွေကို ဒီဇယ် ကျပ် တသောင်းဖိုးမှ တသောင်းခွဲဖိုးသာ ရောင်းချပေးနေတဲ့အတွက် သုံးခွမြို့က စက်သုံးဆီဆိုင်တွေမှာ သွားရောက် ဝယ်ယူနေရတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ စိစစ်ပေးစေချင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ နိုင်ငံတဝန်းက စက်သုံးဆီ အရောင်းဆိုင်တိုင်းလိုလိုမှာ မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေတာဖြစ်ပြီး သေချာစွာ လိုက်လံ စိစစ်ပါက သတ်မှတ် စည်းကမ်းအတိုင်း ရောင်းချခြင်းမရှိတဲ့ ဆီဆိုင်တွေအများအပြား တွေ့ရှိရမှာဖြစ်တာကြောင့် သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်ပေးစေချင်တယ်လို့ ပြည်သူတွေက ပြောပါတယ်။
"မန္တလေးက အောင်သိဒ္ဓိဆိုတဲ့ ပန့်ဆိုင်ဆို ၃ဆိုင်လုံး 92တလီတာ တသောင်း တန်းစီစရာမလို ပေါ်တင်ရောင်းနေတာ တိုင်လည်း မဖမ်းပါဘူး" လို့ မန္တလေးမြို့ခံတယောက်ကပြောပါတယ်။"
စွမ်းအင်ဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ စက်သုံးဆီဝယ်ယူရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ သတင်း ထုတ်ပြန်ချက်တွေအပေါ် သိရှိမေးမြန်းလိုပါက Call Center ဖုန်းအမှတ်၊ ၀၉-၄၄၀၄၃၃၃၂၄ နဲ့ ၀၉ - ၈၉၉၁၂၉၂၉၆ ကို ဆက်သွယ် မေးမြန်းနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် စက်သုံးဆီ အရောင်းဆိုင်တွေမှာ သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ သတ်မှတ် ပမာဏတွေအတိုင်း ရောင်းချပေးမှုမရှိခြင်း၊ စက်သုံးဆီရှိလျက်နဲ့ ရောင်းချမပေးခြင်း၊ Bar Code/QR Code တွေ Scan မဖတ်ဘဲ ရောင်းချနေခြင်း၊ ပုံး၊ ပီပါတွေနဲ့ တရားမဝင် ထုတ်ယူရောင်းချနေခြင်းတွေ တွေ့ရှိရပါကလည်း လက်ရှိ ဖော်ပြထားတဲ့ Call Center ဖုန်းနံပါတ်တွေကို ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
တိုင်ကြားလိုတဲ့ သတင်း အချက်အလက်နဲ့ အထောက်အထား စာရွက်စာတမ်းတွေ၊ Video file တွေကိုလည်း Viber ဖုန်းအမှတ်၊ ၀၉-၄၀၁၇၄၈၅၉၈ ကို ပေးပို့နိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် လက်ရှိမှာ သက်ဆိုင်ရာ နယ်မြေအလိုက် ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေ အနေနဲ့လည်း စက်သုံးဆီ အရောင်းဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
အဲဒီလို ရှောင်တခင် စစ်ဆေးနေတာမှာ မော်လမြိုင်မြို့နယ်၊ ဖားအောက်ကျေးရွာရှိ မင်းသန့် (၁) စက်သုံးဆီ အရောင်းဆိုင်မှာ ဆီပေပါတွေနဲ့ တရားမဝင် ရောင်းချတာကို တွေ့ရှိရတဲ့အတွက် ဆိုင်ပိုင်ရှင် အပါအဝင် တာဝန်ရှိသူ သုံးယောက်ကို ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့က အရေးယူထားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မော်လမြိုင်မြို့နယ်က “မိဘမေတ္တာ” စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာဖြစ်သူကိုလည်း အရေးယူထားသလို “စွမ်းမြန်မာ” စက်သုံးဆီဆိုင်ပိုင်ရှင်နဲ့ ဂိုဒေါင်တာဝန်ခံတို့ကိုလည်း ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။
အရေးယူမှုက အားနည်းပါသေးတယ် တကယ်မလုပ်ပဲဟန်ပြလောက်သာရှိသေးတာမို့ နိုင်ငံတော်က အနစ်နာခံသလောက် မသမာတဲ့လုပ်ငန်းရှင်နဲ့ အကျင့်ပျက်ဝန်ထမ်းဆိုးတွေကြောင့် မှောင်ခိုလုပ်ငန်းက ဆက်ရှိနေဦးမှာပါလို့လည်း ဝေဖန်ကြပါတယ်။
ခုလက်ရှိ ဖမ်းဆီးခံရသူတွေကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းတွေမှာ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (က) နဲ့ အမှုဖွင့်ထားပြီး အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ငွေဒဏ် ကျပ် ငါးသိန်းကနေ ကျပ်သိန်း ၅၀ ဖြစ်စေ၊ ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။