1 ရက် - ဘာသာပြန်ပါ။

အိမ်ရောင်းပြီး ကမ္ဘာ့ဖလားသွားကြည့်မယ့် အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံးပရိသတ်
=====================
အင်္ဂလန်စူပါပရိသတ်တစ်ဦးဟာ နွေရာသီ ကမ္ဘာ့ဖလားခရီးစဉ်အတွက် နေအိမ်ရောင်းပြီး ငွေရှာဖြည့်တင်းလာပါမယ်။

အသက် ၆၂ နှစ်အရွယ်ရှိ ကျောင်းဆရာဟောင်းအင်ဒီမေးလ်နီဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားနောက်ပိုင်းတွင် အင်္ဂလန်ရဲ့ နာမည်ကျော် ပရိသတ်များထဲမှ တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

မေးလ်နီဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်သို့ သွားရန် လေယာဉ်လက်မှတ်စီစဉ်ထားပြီး ဖြစ်သလို အင်္ဂလန်ရဲ့ ပွဲတိုင်းကို ကြည့်လာပါမယ်။

ဒါပေမယ့် မေးလ်နီဟာ အမေရိကန်တွင် ရက်သတ္တပတ် ခုနှစ်ပတ်ကြာ နေထိုင်ရေးအတွက် ကြီးမားတဲ့ အသုံးစရိတ်ကြုံလာရပါမယ်။

ယခုနှစ် ကမ္ဘာ့ဖလားမှာ ပရိသတ်များအတွက် လေယာဉ်ခ၊ လက်မှတ်ဖိုး၊ ဟိုတယ်စရိတ်ကြီးမားနေမှုနှင့်အတူ သမိုင်းတွင် စရိတ်စက ကုန်ကျမှုအများဆုံးကမ္ဘာ့ဖလားဖြစ်လာမှာ ဖြစ်ပါတယ်။

ဘောလုံးပရိသတ်များအနေဖြင့် ကိုယ်အသင်း ဗိုလ်လုပွဲအထိ ရောက်ပါက ပေါင် ၅၀၀၀ ကျော်အထိ အသုံးပြုလာရပါမယ်။

အင်္ဂလန်ပရိသတ်များဟာ ခရိုအေးရှား၊ ဂါနာနှင့် ပနားမားတို့နှင့် အုပ်စုပွဲများကို ကြည့်ရန် လက်မှတ်ဖိုး အနည်းဆုံး ပေါင် ၅၂၆ အသုံးပြုရပါမယ်။

မေးလ်နီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်္ဂလန်ကို တောက်လျှောက်အားပေးနိုင်ရန်အတွက် သူ့ရဲ့ ဒုတိယနေအိမ်ကို ရောင်းချရန် စီစဉ်ထားပြီး ဖြစ်ပါတယ်။

သူဟာ ချီရှိုင်းယား၊ နော့ဝှစ်ချ်မှ ဒုတိယနေအိမ်အား ပေါင် ၃၅၀၀၀၀ ဖြင့် ရောင်းချရန် အရောင်းစာရင်း တင်လိုက်ပြီလည်း ဖြစ်ပါတယ်။

မေးလ်နီဟာ ယင်းနေအိမ်ကို အိမ်ငှားတင်ထားခဲ့ပေမယ့်လည်း ၂၇ နှစ်ကြာ ပိုင်ဆိုင်လာတဲ့ ယင်းအိမ်ကို ရောင်းရန် ဆုံးဖြတ်လာပြီလည်း ဖြစ်ပါတယ်။

၎င်းက "ကမ္ဘာ့ဖလားသွားရမှာ ဖြစ်လို့ ဒီအိမ်ကို ရောင်းဖို့ အရောင်းစာရင်းတင်လိုက်တော့မယ်။ ကာတာကမ္ဘာ့ဖလားတုန်းက ကိုယ့်ကိုယ်ကို လက်ဆောင်ပေးခဲ့တာ။ နှစ်တွေအကြာကြီး ငွေစုလာမှုတွေအတွက် ဆုပေးခဲ့တာ။ ဒီအိမ်ကိုလည်း ၂၇ နှစ်ကြာ ပိုင်ဆိုင်လာတာ ဆိုတော့ ရောင်းဖို့ အချိန်ကျလာပါပြီ။ ပြိုင်ပွဲတစ်ခုလုံး ကြည့်လာမယ်။ ဇွန်လ ၃ ရက်နေ့မှာ အမေရိကန်သို့ သွားမယ်။ ပြီးရင် ခုနှစ်ပတ်နေမယ်။ ဒီတော့ ငွေအများကြီး ကုန်ကျလာမယ်။ အတတ်နိုင်ဆုံး စရိတ်ချွေတာမယ်။ မက္ကဆီကို၊ ဒဲလ်လက်စ်နဲ့ ဗန်ကူးဗားတို့မှာ သူငယ်ချင်း‌တွေ ရှိနေတာ ကံကောင်းတယ်။ ခရီးစရိတ်က အရမ်းဈေးကြီးတယ်။ ထွက်ခွာချိန် ၁၀ မိနစ်ပြောင်းရင်တောင် ပြောင်းလဲနိုင်တဲ့ နိုင်ငံတကာလေကြောင်းလိုင်းလက်မှတ်တွေ ဝယ်ထားတယ်"လို့ ပြောကြားသွားပါတယ်။

မေးလ်နီဟာ ၂၀၂၂ ခုနှစ် ကာတာကမ္ဘာဖ့လားပြိုင်ပွဲတုန်းက ကမ္ဘာ့ဖလားကိုင်ဆောင်ထားတဲ့ ဓာတ်ပုံမှာ အွန်လိုင်းတွင် ပျံ့နှံ့သွားပြီးနောက် နာမည်ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။ အချို့ပရိသတ်များက သူ့ကို အင်္ဂလန်နည်းပြဟောင်းစတိဗ်မက္ကလာရင်နှင့် တူတယ်လို့လည်း ပြောနေကြပါတယ်။

image