ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအဆင့်မြှင့်တင်နေ

မြန်မာ့မီးရထားမှ ရထားစီးခရီးသည်များသွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စဥ်ပို့ဆောင်မှုများလွယ်ကူချောမွေ့စေရေးအတွက် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းရှိ တာပေါင်အကျယ်ကျဉ်းနေသောနေရာများအားမြေဖို့ခြင်း၊ တစ်မိုင်လျှင် ကျင်း(၅၀၀)ကျောက်ဖြည့်တင်းခြင်း၊ လမ်းပိုင်းအား ကျောက်ပက်ကင်ရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပဲခူး-မော်လမြိုင်ရထားလမ်းအရှည်မိုင်(၁၃၀) ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ကိုးချောင်းဆက်သံလမ်းလဲလှယ်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ဖြည့်တင်းခြင်း၊ တစ်မိုင်လျှင်ကျင်း(၃၅၀)နှုန်းဖြင့် လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ Auto-matic Levelling Lining & Tamping Machine (ALL-TM) စက်ကြီးဖြင့်လမ်းပက်ကင်ရိုက်ခြင်း၊ လမ်းပိုင်းအချောသတ်ပြုပြင်ခြင်း၊ တံတားများအဆင့်မြှင့်တင်ပြုပြင်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအားလုံးအတွက် ကျောက်ကျင်း(၅,၂၇၉)ကျင်းထပ်မံဖြည့်တင်းသွားမည်ဖြစ်ပြီး လမ်းပိုင်းတစ်ခုလုံးအဆင့်မြှင့်တင်မွမ်းမံပြီးပါက အများဆုံး(၇၅)ကီလိုမီတာနှုန်းဖြင့် ရထားပြေးဆွဲပေးသွားနိုင်မည်ဖြစ်ပြီး ရထားပြေးဆွဲချိန် ထပ်မံလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

image