1 ပတ် - ဘာသာပြန်ပါ။

ပင်လယ်ကွေ့ပဋိပက္ခကြောင့် တစ်နေ့လျှင် ယူရို ၃၄၀ သန်းခန့်အပိုဆောင်းကုန်ကျနေ

ဟော်မုဇ်ရေလက်ကြားတစ်ဝိုက် တင်းမာမှုများကြောင့် ကမ္ဘာတစ်ဝန်း သင်္ဘောလိုင်းများတွင် ကုန်ကျစရိတ်များ မြင့်တက်လျက်ရှိပြီး၊ ကုမ္ပဏီများအနေဖြင့် နေ့စဉ်စက်သုံးဆီအသုံးစရိတ် ယူရို ၃၄၀ သန်း (အမေရိကန်ဒေါ်လာ ၃၉၃ သန်းခန့်) ပိုမိုကုန်ကျနေကြောင်း ဥရောပအခြေစိုက် သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းတစ်ခုက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အမေရိကနှင့် အစ္စရေးတို့က အီရန်ကို အကြီးအကျယ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သင်္ဘောလိုင်းများသည် စက်သုံးဆီအတွက် အပိုဆောင်းကုန်ကျစရိတ် ယူရို ၄.၆ ဘီလျံကျော် အကုန်အကျခံခဲ့ရကြောင်း အဆိုပါအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သင်္ဘောသုံးစက်သုံးဆီဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်ခဲ့ပြီး စင်ကာပူနိုင်ငံ၌ ဆာလဖာပါဝင်မှု အလွန်နည်းသော စက်သုံးဆီ (VLSFO) ဈေးနှုန်းမှာ တစ်တန်လျှင် ၉၄၁ ယူရိုအထိ ရှိလာကာ ၂၀၂၆ ခုနှစ်အစပိုင်းနှင့် နှိုင်းယှဉ်ပါက ၂၂၃ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် သဘာဝဓာတ်ငွေ့ရည် ဈေးနှုန်းမှာလည်း မတ်လအစပိုင်းမှစ၍ ၇၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သဖြင့် သင်္ဘောပိုင်ရှင်များအတွက် လုပ်ငန်းလည်ပတ်မှုစရိတ်များ ပိုမိုများပြားလာစေသည်။

ကမ္ဘာတစ်ဝန်း သင်္ဘောအုပ်စု၏ ၉၉ ရာခိုင်နှုန်းမှာ ရုပ်ကြွင်းလောင်စာကိုသာ အသုံးပြုနေရဆဲဖြစ်သဖြင့် အဆိုပါလုပ်ငန်းကဏ္ဍသည် စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုနှင့် ထောက်ပံ့မှုပြတ်တောက်မှုဒဏ်ကို တိုက်ရိုက်ခံစားနေရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဟော်မုဇ်ရေလက်ကြားက မတည်ငြိမ်မှုတွေဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအပေါ် ရို-က်ခတ်နေပြီး အထူးသဖြင့် ရေနံဈေးကွက်ကို အဓိကထိခိုက်စေပါတယ်။ ဒီစစ်ပွဲကြောင့် လုပ်ငန်းရှင်တွေဟာ နေ့စဉ်နဲ့အမျှ သန်းနဲ့ချီပြီး ဆုံးရှုံးနေရပါတယ်” ဟု အဆိုပါအဖွဲ့၏ ရေကြောင်းမူဝါဒဆိုင်ရာအရာရှိ အီလွိုင်း နော့ဒ် က ပြောကြားခဲ့သည်။

လက်ရှိအကျပ်အတည်းသည် ပိုမိုသန့်စင်သော စွမ်းအင်သုံးစွဲမှုတွင် ရင်းနှီးမြှုပ်နှံရန် တွန်းအားဖြစ်စေနိုင်ကြောင်း၊ ယခင်က သန့်စင်စွမ်းအင်သုံး သင်္ဘောများ၏ ကုန်ကျစရိတ်ကြီးမားမှုအပေါ် စိုးရိမ်ခဲ့ကြသော်လည်း ယခုကြုံတွေ့နေရသော အနှောင့်အယှက်များနှင့် နှိုင်းယှဉ်ပါက ထိုကုန်ကျစရိတ်မှာ သိပ်မများတော့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အစီရင်ခံစာ၌ စက်သုံးဆီဈေးနှုန်းရိုက်ခတ်မှုကို လျှော့ချနိုင်မည့် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။ ကူးတို့သင်္ဘောများနှင့် ကမ်းရိုးတန်းကုန်တင်သင်္ဘောကဲ့သို့သော ခရီးတိုသွားလာသည့် သင်္ဘောများကို လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ပြောင်းလဲခြင်းနှင့် ခရီးဝေးသွား သင်္ဘောများတွင် စက်သုံးဆီချွေတာရန်အတွက် အရှိန်လျှော့မောင်းနှင်ခြင်းနှင့် လေအားကူမောင်းနှင်စနစ်တို့ကို အသုံးပြုခြင်းဖြင့် ထိရောက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း အကြံပြုထားပါသည်။

Ref: ရှင်းဟွာ

image