ငါးမွေးမြူရေးကန်များ အပူဒ-ဏ်မှကာကွယ်ရေး လမ်းညွှန်ချက် ထုတ်ပြန်
နေအပူချိန်မြင့်မားလွန်ကဲလာခြင်းကြောင့် ငါးမွေးမြူရေးကန်များတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လက်ရှိ အပူချိန်မြင့်တက်လာမှုကြောင့် ငါးမွေးကန်များရှိ ရေထုများ ရေငွေ့ပျံခြင်းကြောင့် ရေလျော့နည်းလာနိုင်ပြီး၊ ကန်အတွင်းရှိ ငါးများ၏ စွန့်ပစ်အညစ်အကြေးများနှင့် အစာကျွေးလွန်ကဲမှုကြောင့် စားကြွင်းစားကျန်များ တိုးပွားလာကာ ရေအရည်အသွေး ညစ်ညမ်းလာနိုင်ကြောင်း ဖော်ပြထားသည်။
ထိုသို့ ရေထုညစ်ညမ်းမှုများသည် ငါးရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်မားစေသဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် အစာအလွန်အကျွံကျွေးခြင်းကို လျှော့ချရန် တိုက်တွန်းထားသည်။
ထို့ပြင် နံနက်ပိုင်း မိုးအုံ့သောရက်များ၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများ ကန်မျက်နှာပြင်အနီးတွင် ခေါင်းထောင်ကူးခတ်ခြင်း သို့မဟုတ် ကမ်းစပ်သို့ စုပြုံလာခြင်းတို့ ဖြစ်ပေါ်ပါက ကန်အတွင်း အောက်ဆီဂျင်လျော့နည်းနေခြင်း၏ လက္ခဏာဖြစ်ကြောင်း သိရသည်။
ထိုသို့ဖြစ်ပေါ်ပါက ကန်အတွင်းသို့ ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ ရေဒလက်များ မောင်းနှင်ခြင်းနှင့် လှေလှော်ပေးခြင်းတို့ဖြင့် ရေတွင်ပျော်ဝင် အောက်ဆီဂျင် ပမာဏတိုးမြှင့်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကန်ရေများ ရေခန်းလာပါက သန့်ရှင်းသော ရေသစ်များ ဖြည့်သွင်းရန်နှင့် ရေသစ်ရရှိရန် အခက်အခဲရှိပါက မွေးမြူထားသော ငါးအရေအတွက်ကို လျှော့ချမွေးမြူရန်လည်း အကြံပြုထားသည်။
ထို့အပြင် အပူချိန်ပြင်းထန်သော နေ့လယ်ပိုင်းများတွင် ငါးများကို ကန်ပြောင်းရွှေ့ခြင်း မပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။
ကန်ရေအရည်အသွေးကို ထိန်းသိမ်းရန်အတွက် ရေကြည်နှုန်း (၂၅ မှ ၄၀ စင်တီမီတာ) အတွင်းရှိစေရန် စောင့်ကြည့်ရန်လိုအပ်ပြီး ရေထုညစ်ညမ်းစေနိုင်သော ကဇော်ဖတ်၊ ဝါစေ့ဖတ်ကဲ့သို့သော အစာများကို ရှောင်ကြဉ်ကာ ပုံမှန်အစာများကိုသာ ချိန်ဆကျွေးရန်လည်း လမ်းညွှန်ထားသည်။
အစာကျွေးပြီးနောက် အစာကျန်များ ရှိမရှိကို ပုံမှန်စစ်ဆေးရန်လည်း လိုအပ်ကြောင်း ၊ ထို့အပြင် ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့်များကို အရန်ကန်များတွင် သိုလှောင်ထားရန်နှင့် ကန်အခြေအနေများနှင့် ရေအရည်အသွေး ပြောင်းလဲမှုများကို နေ့စဉ် နံနက် ၆ နာရီတွင် ပုံမှန်စစ်ဆေးရန် အကြံပြုထားသည်။
ငါးမွေးကန်များတွင် ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက အနီးဆုံး ငါးလုပ်ငန်းဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်၍ လိုအပ်သလို ဆောင်ရွက်ရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။