မန္တလေးငလျင်ကြီးတစ်နှစ်ပြည့်ခါနီး ယနေ့ မန္တလေးမြို့တွင်သိသာသည့်ငလျင်လှုပ်ခတ်ခဲ့
မန္တလေးမြို့တွင် ယနေ့ မတ် ၂၆ ရက်ည ၇ နာရီ ၃၆ မိနစ်ခန့်က အင်အားအနည်းငယ်ရှိပြီးသိသာသည့် ငလျင် လှုပ်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာနှင့် မန္တလေးမြို့ခံများထံမှ သိရသည်။
မန္တလေးမြို့အနီးကိုဗဟိုပြု၍ မက္ကနီကျု့(၄ ဒသမ ၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ယင်းငလျင်လှုပ်ခတ်မှုကို မန္တလေးမြို့ခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။
"ငလျင်လှုပ်သွားတာ နည်းနည်းကြမ်းတယ်။ အကုန် လုံးကြောက်ပြီး အထပ်မြင့်တိုက်တွေကလူတွေဆိုရင် ဆင်းပြေးရတယ်။ ငလျင်ကြီးဒ-ဏ်ကြုံခဲ့ရပြီးပြီဆိုတော့ အမြန်ပြေးဆင်းကြရတာပါပဲ"ဟု မန္တလေးမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
လူမှုကွန်ယက်တခွင်တွင်လည်း ငလျင်ကြောင့် ခံစားရသည်များကို မျှဝေထားကြသည်။
ခြောက်ခြားဖွယ်ရာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည်မှာ နောက်နှစ်ရက်ဆိုလျှင် တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ငလျင်ကြီးပြီးခါစ ၄ လလောက်ထိ ငလျင်ငယ်များ ဆက်တိုက်လှုပ်နေခဲ့ခြင်းလည်းရှိခဲ့သည်။
ထို့ကြောင့် မန္တလေးမြို့ခံများအနေဖြင့် အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်ပါက အရေးပေါ်ဖုန်း ၁၉၁၊ ဗဟိုမီး သတ်ဖုန်း 024060739 ၊ ခရိုင်မီးသတ်ဖုန်း 024030391 ၊ အောင်မြေသာဇံမြို့နယ်မီးသတ်ဖုန်း 024060200 ၊ မဟာအောင်မြေမြို့နယ်မီးသတ်ဖုန်း 024076362 ၊ ချမ်းမြသာစည်မြို့နယ်မီးသတ်ဖုန်း 024021087 ၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဖုန်း 025154974 ၊ ပုသိမ်ကြီးမြို့နယ်မီးသတ်ဖုန်း 0258056 ၊ အမရပူရမြို့နယ်မီးသတ်ဖုန်း 024070731 တို့သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
Photo-Ko Than Htay